မေ ၃၁ ရက်ကကစားခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲနှစ်ပွဲ၌ ကစားသမားအချို့မှာ အမေရိကန်လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက်အတွက် တရားမျှတမှုရှိရေး ဆန္ဒထုတ်ဖော် ခဲ့ကြောင်း ဂိုးလ်ကွန်က ဖော်ပြခဲ့သည်။
အသက်(၄၆)နှစ်အရွယ် ဂျော့ဂျ်ဖလွိုက်မှာ မေ ၂၅ ရက်က မင်နီယာပိုလစ်ရဲတပ်ဖွဲ့ဝင်များ၏လုပ်ရပ်ကြောင့် သေဆုံးခဲ့ရသည်။ လူဖြူရဲတပ်ဖွဲ့ဝင် ဒဲရက်ချောက်ဗင်သည် ဖလွိုက်ကိုဖမ်းခဲ့စဉ် လည်မြိုကိုဒူးဖြင့်ဖိထားခဲ့ပြီး ဖလွိုက်က အသက်ရှူမရတော့ကြောင်း ပြောနေသည့်တိုင် မိနစ်အတန် ကြာဖိထားခဲ့သည့် ဗီဒီယိုဖိုင်မှာ မြင်ရသူများအဖို့ ဒေါသ ထွက်ရပြီး အကျိုးဆက်အနေဖြင့် အမေရိကန်မြို့များ၌ ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။
ဒေါ့မွန်ကစားသမားများဖြစ်သည့် အင်္ဂလန်တောင်ပံ တိုက်စစ်မှူး ဆန်ချို၊ မော်ရိုကိုကစားသမား ဟာကီမီနှင့် မိုချင်ဂလက်ဘတ်တိုက်စစ်မှူး သူရမ်တို့မှာ ဂျော့ဂျ်ဖလွိုက် အတွက် တရားမျှတမှုရရန် တောင်းဆိုခဲ့ကြသည်။ ပါဒါဘွန်း အား ခြောက်ဂိုး တစ်ဂိုးဖြင့်အနိုင်ရသောပွဲတွင် ဟက်ထရစ် ရခဲ့သော ဆန်ချိုသည် ၅၇ မိနစ်၌ ဒုတိယဂိုးသွင်းယူပြီး နောက် ဂျာစီကိုချွတ်ကာ အောက်ခံတီရှပ်ပေါ်တွင် Justice for George Floyd ဟု ရေးသားခဲ့သည်ကိုပြသကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ ဆန်ချိုသည် ကစားသမားဘဝ ပထမဆုံးအကြိမ် ဟက်ထရစ်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဖလွိုက် အတွက် အစီအစဉ်တစ်ခုအနေဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်း လည်းဖြစ်သည်။
ယူနီယံဘာလင်အား လေးဂိုး တစ်ဂိုးဖြင့်အနိုင်ရသော ပွဲတွင် နှစ်ဂိုးသွင်းခဲ့သော ပြင်သစ်တိုက်စစ်မှူး သူရမ်မှာ ဂိုးသွင်းပြီးနောက် ဖလွိုက်အတွက်ရည်စူး၍ ဒူးတစ်ဖက် ထောက်ကာ လူမျိုးရေးခွဲခြားမှုအလိုမရှိကြောင်း ပြသခဲ့ သည်။ ပါဒါဘွန်းပွဲ၌ပင် စတုတ္ထဂိုးသွင်းခဲ့သော ဟာကီမီမှာ Justice for George Floyd ဟုရေးသားထားသော တီရှပ်ကိုလှစ်ပြ၍ ဆန္ဒထုတ်ဖော်ခဲ့သည်။















