ဇွန် ၂ဝ ရက်၌ အင်္ဂလန်ချန်ပီယံရှစ် ပြန်စရန်စီစဉ်ထားဟု EFL ထုတ်ပြန်

ဇွန် ၂ဝ ရက်၌ အင်္ဂလန်ချန်ပီယံရှစ် ပြန်စရန်စီစဉ်ထားဟု EFL ထုတ်ပြန်

အင်္ဂလန်ဘောလုံးလိဂ်(EFL)က COVID-19 ကြောင့်ရွှေ့ဆိုင်းထား သော ယခုနှစ်ချန်ပီယံရှစ်ပြိုင်ပွဲကို လာမည့်ဇွန် ၂ဝ ရက်၌ ပြန်လည်စတင် ရန်စီစဉ်ထားကြောင်း ထုတ်ပြန်ခဲ့သည်။ ယခုနှစ် အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲ သည် COVID-19 ကြောင့် မတ်လ နောက်ပိုင်းရွှေ့ဆိုင်းထားရပြီး ရာသီ ကုန်ဆုံးရန် Play-off ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲအပါအဝင် စုစုပေါင်း ၁ဝ၈ ပွဲကျန်ရှိနေသည်။

လာမည့်ဇူလိုင် ၃ဝ ရက်တွင် ယခု နှစ် Play-off ဖိုင်နယ်အဆုံးသတ်နိုင် ရန် ရည်မှန်းထားကြောင်း EFL က ဆိုခဲ့သည်။ လက်ကျန်ချန်ပီယံရှစ်ပွဲ များ၌ လူစားလဲလှယ်မှုငါးကြိမ်ပြုလုပ် နိုင်ရန်နှင့် ပွဲကစားရန် ကစားသမား ဦးရေကို ၁၈ ဦးမှ ၂ဝ အထိတိုးမြှင့် ရန်အတွက်လည်း EFL က ဆွေးနွေး ဦးမည်ဖြစ်သည်။

ဗြိတိန်အစိုးရက COVID-19 ဖြစ်နေသော်လည်း ဇွန် ၁ ရက်မှစတင် ၍ အားကစားပြိုင်ပွဲများကို တံခါးပိတ် ကျင်းပခွင့်ပြုထားသည်။ မြင်းစီးပြိုင်ပွဲ နှင့် စနူကာပြိုင်ပွဲများမှာ ဇွန် ၁ ရက်၌ ပြန်လည်စတင်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဇွန် ၁၇ ရက်တွင် ပြန်လည် ကစားတော့မည်ဖြစ်သည်။

မကြာမီက COVID-19 စစ်ဆေး မှုအရ ချန်ပီယံရှစ်၌ ၁ဝ ဦး ဗိုင်းရပ်စ် ထိနေသော်လည်း EFL သည် ပြိုင်ပွဲ ကို ဇွန် ၂ဝ ရက်တွင်ပြန်စရန် ယာယီ သတ်မှတ်ထားခြင်းဖြစ်သည်။ ချန်ပီယံ ရှစ်ပွဲစဉ်(၃၇)အပြီး လိဒ်က ၇၁ မှတ်ဖြင့် ဝက်စ်ဘရွန်းကို တစ်မှတ်ဖြတ်ကာ ထိပ်ဆုံးမှဦးဆောင်နေသည်။



ဖတ်ရှုမှုအများဆုံး