မူဆယ်မှ Covid-19 လူနာအမျိုးသမီး နယ်စပ်ဂိတ်တွင် တာဝန်ယူခဲ့သူမဟုတ်

မူဆယ်မှ Covid-19 လူနာအမျိုးသမီး နယ်စပ်ဂိတ်တွင် တာဝန်ယူခဲ့သူမဟုတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်တွင် Covid-19 လူနာအမျိုးသမီး Case-231 သည် မုုံးပေါ်မြို့မှ ကျန်းမာရေးမှူးဖြစ်ပြီး နန်းတော်(မြန်မာ-တရုတ်)နယ်စပ်ဂိတ်တွင် တာဝန်ထမ်းဆောင်ခဲ့သူမဟုတ်ကြောင်း ကရုဏာလူမှု ကူညီရေးအသင်း(မူဆယ်)မှ ဦးသောင်းထွန်းက ပြောသည်။

မြန်မာ-တရုတ်နယ်စပ် နန်းတော်ဂိတ်မှ ဖြတ်၍ မြန်မာနိုင်ငံသို့ ပြန်လာကြသူများကို ဒေသကျန်းမာရေးဦးစီးဌာန၊မြို့နယ်အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာများ၊လူမှုရေးအသင်းများက ကျန်းမာရေးစစ်ဆေးမှုများလုပ်ဆောင်ပေးလျက်ရှိရာတွင် လူနာအမျိုးသမီး Case-231ပါဝင်မှုမရှိသဖြင့် လူနာထိတွေ့မှုဖြစ်စဉ်များကို စုံစမ်းနေသည်ဟု သိရသည်။

“သူက ကျန်းမာရေးမှူးဆိုတော့ ကာကွယ်ဆေးလိုက်ထိုးပေးတာရှိတယ်။တရုတ်ဘက်က ပြန်လာသူ အထွက်ပေါက်မှာ စစ်ဆေးတဲ့တာဝန်ကျတာလဲ မဟုတ်ဘူး။ ဒါကြောင့် ဘယ်မှာ ထိတွေ့မှုရှိခဲ့လဲဆိုတော့ စုံစမ်းနေ ကြပါတယ်။မြို့မှာ စိုးရိမ်ပူပန်မှုတော့ ရှိကြတယ်ဆိုပေမယ့် ဖြေလျှော့မှုတွေနဲ့ ဈေးလည်း ဖွင့်ခွင့်ပေးထားလို့ တအားကြီး ခြောက်ကပ်မသွားဘဲ ပုံမှန်သွားလာနေကြတယ်”ဟု ၎င်းက ပြောသည်။

၎င်းသည် ပြည်တွင်းကူးစက်မှုတစ်ခုဖြစ်ကာ တရုတ်ဘက်မှ မူဆယ်ဘက်သို့ နန်းတော်နယ်စပ်ဂိတ်မှ ပြန်ရောက်လာသူများကို စစ်ဆေးသည့် အဖွဲ့တွင် Volunteer အဖြစ် ပါဝင်ခဲ့သူဟု ပြောဆိုမှုများလည်း ရှိပြီး လူနာနေထိုင်ရာ နေအိမ်ဝန်းကျင်တွင် အသွားအလာကန့်သတ်၍ ၎င်း၏ခင်ပွန်းဖြစ်သူအား စောင့်ကြည့်မည်ဟု သိရသည်။

“ခုလို မူဆယ်မှာ COVID-19, Positive လူနာတွေ့ပေမယ့် ဆိတ်ငြိမ်သွားမယ်ထင်နေတာ။ ပုံမှန်အတိုင်းပါပဲ။ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်မှုတွေ လိုက်နာကြဖို့လိုပါတယ်”ဟု မူဆယ်မြို့တွင် Fever Clinic၌ တာဝန်ယူဆောင်ရွက်နေသူ မနန်းလေးစန္ဒာက ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇွန် ၂ ရက်ညပိုင်း ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မှ COVID-19 ပိုးတွေ့လူနာ Case-231 သည် အသက် ၃၀ ခန့်အရွယ် ကျန်းမာရေးဝန်ထမ်းအမျိုးသမီး တစ်ဦးဖြစ်သည်။

၎င်းသည် ခရီးသွားရာဇဝင်မရှိဘဲ မူဆယ်ဆေးရုံသို့ ပို့ဆာင်၍ ကုသစောင့်ရှောက်မည်ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး