မန္တလေးမြို့ COVID-19 ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲနမူနာများ စစ်ဆေးမှု ၂၆၉ ခုပြုလုပ်ခဲ့

မန္တလေးမြို့ COVID-19 ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲနမူနာများ စစ်ဆေးမှု ၂၆၉ ခုပြုလုပ်ခဲ့

မန္တလေးမြို့ COVID-19 ဓါတ်ခွဲခန်းတွင် ၂၆၉ ဦး၏ ဓာတ်ခွဲ နမူနာများကိုဇွန် ၁ ရက်မှ ၂ ရက်နေ့ထိ စစ်ဆေးခဲ့ရာ Negative အဖြေ ထွက်ရှိပြီး ယင်းအဖြေကို အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း (ရန်ကုန်)NHL မှ ယနေ့ ဇွန် ၃ ရက် ထုတ်ပြန် ခဲ့ပြီးဖြစ်ကြောင်း မန္တလေးတိုင်း ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းမြင့်က ပြောသည်။

ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲဌာန(မန္တလေး)တွင် ဇွန် ၁ ရက်နေ့မှ စတင်၍ ၂ ရက်နေ့ထိ စစ်ဆေးခဲ့သူများမှာ ထိုင်း နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများ၊ မြို့နယ်များ၌ Quarantine ထားရှိသူများနှင့် မန္တလေးဆေး ရုံကြီး၌ စောင့်ကြည့်လူနာ၆ ဦးအပါဝင် ၂၆၉ ဦးဖြစ်သည်။

“ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲဌာနက COVID-19 ရောဂါရှာဖွေ စစ်ဆေးခြင်းလုပ်ငန်းကို ကြိုးပန်း ဆောင်ရွက်ခဲ့ရာမှာ ဇွန်လ ၁ ရက် စပြီး စစ်ဆေးနိုင်ခဲ့တယ်။ စတင်စစ်ဆေးသည့် လုပ်ငန်းစဉ်ဖြစ်လို့ မန္တလေးတိုင်းအတွင်းက အသွားအလာ ထိန်းချုပ်ထားတဲ့ Quarantine Center မှာရှိတဲ့ ပြည်တော်ပြန်များနဲ့ တိုင်းအတွင်းက မြို့နယ်/ ခရိုင်ဆေးရုံ တွေမှာ ကုသနေတဲ့ သံသယနဲ့ စောင့်ကြည့်လူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို ဦးစားပေး စစ်ဆေး မှာ ပါ”ဟု ၎င်းကပြောသည်။

ဓာတ်ခွဲစစ်ဆေးရာ၌ ဇွန် ၁ ရက်နေ့က ၁၁၃ ဦးနှင့် ဇွန် ၂ ရက်နေ့က ၁၅၆ ဦး၊စုစုပေါင်း ၂၆၉ ဦး၏ ဓာတ်ခွဲနမူနာများကို စစ်ဆေးခဲ့ကြောင်း၊ ဓာတ်ခွဲစစ်ဆေးမှုကို တစ်ရက်လျှင် စက်တစ်စုံမှ ၉၀ ဦးနှင့် တစ်ရက် သုံးကြိမ်စစ်နိုင်ပြီး စက်မှာ ၂ စုံရှိကြောင်း သိရသည်။

“ဝန်ထမ်းတွေက အလှည့်ကျနဲ့ တာဝန်ထမ်းဆောင်နေကြတယ်။ ဓာတ်ခွဲရာမှာ တချို့ကို ၂ ခါ လောက် ပြန် လုပ်ရတယ်။ စစ်ဆေးပြီးတာတွေက Negative ပါ။ ဓာတ်ခွဲအဖြေကို ရန်ကုန်ပို့ပေးရပြီးအဲဒီကမှ ထုတ်ပြန်တယ်” ဟု ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန(မန္တလေး)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မေဝင့်ဝါက ပြောသည်။

မန္တလေးတိုင်းသို့ ရောက်ရှိလာသူများ စာရင်းအရ ဇွန် ၂ ရက်နေ့ထိ ထိုင်းနိုင်ငံမှ ၁၅၈၈၄ ဦး၊တရုတ်မှ ၈၁၄၆ ဦးရှိပြီး Facility Quarantine ဆောင်ရွက်နေသူ ၄၃၂၉ ဦးရှိကြောင်း တိုင်းအစိုးရအဖွဲ့မှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး