မန္တလေးမြို့မှ လက်ရှိညဈေးကို ဘူတာကြီးအနောက်ဘက် နေရာသစ်သို့ ပြောင်းရွှေ့ရေး ဆောင်ရွက်နေ

မန္တလေးမြို့မှ လက်ရှိညဈေးကို ဘူတာကြီးအနောက်ဘက် နေရာသစ်သို့ ပြောင်းရွှေ့ရေး ဆောင်ရွက်နေ

မန္တလေးမြို့ ဈေးချိုတော်အနီး ၈၄ လမ်း၊၂၈ လမ်းနှင့် ၂၇ လမ်းကြား ဖွင့်လှစ်နေသော ညဈေးတန်းကို မန္တလေး ဘူတာကြီးအနောက်ဘက် ၇၉ လမ်း၊ ၃၁ လမ်းမှ ၃၄ လမ်းတွင် ဇွန်လအတွင်း ပြောင်းရွှေ့နိုင်ရေးအတွက် မြို့တော်စည်ပင်သာယာမှ စီမံချက်ရေးဆွဲ ဆောင်ရွက်နေကြောင်း စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

လက်ရှိ ညဈေးထက် ပိုမိုကျယ်ဝန်းသော နေရာသစ်သို့ ပြောင်းရွှေ့နိုင်ရေးအတွက် လမ်းပခုံးသားများတိုးချဲ့ ပြင်ဆင်ကာ နိုင်လွန်ကတ္တရာခင်းခြင်းကို ရက်ပိုင်းအတွင်း ပြီးစီးအောင်လုပ်ဆောင်မည်ဖြစ်ပြီး မဲနှိုက်နေရာချ ထားပေးသွားမည်ဟု ဆိုသည်။

“ညနေ ၅ နာရီလောက် ညဈေးဆိုင်ဖွင့်ဖို့ လုပ်ကြတော့ ဈေးချိုပိတ်ချိန်မှာ ယာဉ်ကြောပိတ်တာရယ်၊ မီးရေးထင်းရေးမှာလည်း ခက်ခဲတယ်။ နေရာကလည်း ကျဉ်းတယ်။ အသစ်နေရာကို ပြောင်းလိုက်ရင် အဲဒီအခက်ခဲတွေ မရှိတော့သလို မန္တလေးသားတွေ ညပိုင်းလည်ပတ်နိုင်အောင် ကုန်ပစ္စည်းနဲ့ စားသောက်ဆိုင်တွေစည်ကားအောင် စီစဉ်မှာပါ။ ဆိုင်နေရာလိုချင်သူတွေကိုလည်း ပေးသွားမယ်” ဟု ၎င်းကပြောသည်။

ပြောင်းရွှေ့ပေးမည့် နေရာသစ်တွင် လမ်းမီးတိုင်များ၊ ရေဆိုးထုတ်မြောင်းများနှင့် နိုင်လွန်ကတ္တရာခင်းကျင်း ထားပြီးဖြစ်၍ ပိုမိုကျယ်ပြန့်ရန် လမ်းပုခုံးသားများ နိုင်လွန်ကတ္တရာခင်းပြီးသွားပါက ပြောင်းရွှေ့ရေး စတင်မည် ဖြစ်ပြီး ဆိုင်ခန်းများကို အခိုင်အမာ တည်ဆောက်ခြင်းခွင့်မပြုဘဲ တွန်းလှည်းဖြင့် ဖွင့်လှစ်ရန်ဖြစ်ကြောင်း၊ ဆိုင်ခန်းသစ်ရလိုသူများသည် စည်ပင်သာယာ ဈေးဌာနသို့ စာရင်းပေးနိုင်ကြောင်းသိရသည်။

“စာအုပ် ဈေးတန်းလည်း များများဖွင့်နိုင်အောင် လုပ်ပေးမယ်။ ဆိုင်ခန်းနေရာ မဲစနစ်နဲ့ချထားမယ်။ အပိုင်ပေး စနစ်တော့ မဟုတ်ဘူး။ ဆိုင်ခုံတွေ ဆောက်တာ မလုပ်ရဘဲ တွန်းလှည်းနဲ့ယူလာပြီး ဆိုင်ခင်းတာမျိုးကို သဘောကျတယ်။ ဘန်ကောက်မှာ အဲလိုဖွင့်တာရှိတယ်။ မနက်ဆိုရင် ကွင်းပြင်ကြီးဖြစ်သွားတယ်”ဟု ဆက်လက်ပြော ကြားသည်။

ညဈေးပြောင်းရွှေ့ရန် လက်ရှိရောင်းချနေသူများနှင့် စည်ပင်သာယာ ဈေးဌာနက အသိပေးညှိနှိုင်းခဲ့ရာ ကျေနပ်မှုရှိကြောင်း၊ ယခုကဲ့သို့ ပြောင်းရွှေ့မည့် နေရာသစ်သည် နေရာဟောင်းထက် ကျယ်ဝန်းသန့်ရှင်းပြီး ထပ်မံဖွင့် လိုသူများအား နေရာချထားပေးမည်ဖြစ်ပြီး သန့်စင်ခန်းအသေးတစ်ခုကိုလည်း တည်ဆောက်ရန် လျာထားကြောင်း သိရသည်။

ညဈေးတွင် နှစ်ပေါင်း ၆၀ ခန့် အထည်ရောင်းချသူ ဒေါ်ခင်မြက“ကျမတို့ကတော့ လက်ရှိနေရာကနေမ ပြောင်းချင်ဘူး။ နယ်ကနေ လာကြတဲ့သူအများစု လာဝယ်ကြတာ။ အရင်ကလည်း ၇၉ လမ်းပေါ်တစ်ခါပြောင်းခဲ့တော့ ဈေးဝယ်မရှိဘူး။ ဈေးလမိုင်းမရှိတဲ့အပြင် ပစ္စည်းပျောက်တာတွေရှိတယ်။၂ နှစ်လောက်ကြာတော့ ခုနေရာ ၈၄ လမ်းပြန်ပြောင်းပေးခဲ့တယ်”ဟုပြောကြားခဲ့သည်။

မန္တလေးမြို့ ပြယုဂ်တစ်ခုဖြစ်သည့် ညဈေးတန်းမှာ ၁၉၈၄ ခုနှစ် ဝန်းကျင်က ၇၉ လမ်း၊၂၇ လမ်းနှင့် လမ်း ၃၀ ကြား ပြောင်းရွှေ့ ဖွင့်လှစ်စေခဲ့ရာ ဈေးဝယ်မရှိ ဖြစ်ခဲ့ရာက ၄ နှစ်ခန့်အကြာတွင် ၈၄ လမ်းသို့ပြန်လည် ပြောင်းရွှေ့ခဲ့စဉ် ဆိုင်ခန်းနေရာ တစ်ခုကို ကျပ် နှစ်သိန်းဖြင့် ဝယ်ယူခဲ့ရကြောင်း ညဈေးတန်းတွင် ဈေးရောင်းသူ တစ်ဦးထံမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး