၁၈၄၉ ခုနှစ် ဇွန်လ ၅ ရက်နေ့ (ယနေ့) လို အခါသမယမှာ ဒီမိုကရေစီကျတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒိန်းမတ်နိုင်ငံမှာ ပထမဆုံးအကြိမ် အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီအချိန်က အစပြုပြီး ဇွန်လ ၅ ရက်နေ့မှာ သက်ဦးဆံပိုင် ဘုရင်စနစ်ကနေ ကိုယ်စားပြုဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့ နိုင်ငံရေးအထိမ်းအမှတ်အဖြစ်နဲ့ အများပြည်သူ အခမ်းအနားများ ကျင်းပကြပါတယ်။ ဒိန်းမတ်နိုင်ငံတစ်ဝန်းမှာ လူတွေက မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူနေပြီး နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေစီစဉ်တဲ့ နိုင်ငံရေးဆိုင်ရာပွဲတွေကို တက်ကြတယ်။
ဒီကနေ့မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာပြဋ္ဌာန်းထားတဲ့ ရတောင့်ရခဲ နိုင်ငံသားလွတ်လပ်ခွင့်၊ အခွင့်အရေးနဲ့ တာဝန်ဝတ္တရားတွေရဲ့ အရေးကြီးပုံကို စဉ်းစားအောက်မေ့ကြတယ်။ ဒီနှစ်တော့ COVID-19 ရောဂါကြောင့် မတူတော့ပါဘူး။ လူထုဆန္ဒထုတ်ဖော်ပွဲတွေကိုလည်းရွှေ့ဆိုင်းထားရပါတယ်။ ဒါပေမဲ့ နိုင်ငံရေးပါတီတွေနဲ့ မီဒီယာတွေမှာတော့ ဒီအကျပ်အတည်းကြောင့်ဖြစ်ပေါ်လာတဲ့ နိုင်ငံရဲ့ အနာဂတ်လမ်းကြောင်းနဲ့ ပတ်သက်ပြီး သေချာပေါက် ဆွေးနွေးငြင်းခုံကြမှာပါ။ အားလုံး အကျုံးဝင်တဲ့ ဒီမိုကရေစီဆိုတာ ညတွင်းချင်းတော့ ပေါ်ထွန်းလာမှာ မဟုတ်ပါဘူး။
ဘယ်နိုင်ငံရဲ့ အနာဂတ်အတွက်မဆို အချေအတင်ဆွေးနွေးမှုတွေ ဆက်လက်ဖြစ်ထွန်းနေဖို့လိုတဲ့ လုပ်ငန်းစဉ်တစ်ရပ်ပါပဲ။ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေက ကမ္ဘာမှာ ရှေးအကျဆုံး ဒီမိုကရေစီနည်းကျတဲ့ ဥပဒေတွေထဲက တစ်ခုလို့ ဒိန်းမတ်နိုင်ငံမှာ အများကြိုက်ဆိုကြပေမယ့် အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးပေးဖို့ မပြင်ဆင်ရသေးတဲ့ ၁၉၁၅ ခုနှစ်အထိကတော့ အဲသလို မဟုတ်ပါဘူး။ ၁၉၁၅ ခုနှစ် မတိုင်ခင်က အထက်တန်းလွှာထဲက အမျိုးသား အနည်းငယ်ကိုသာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲတွေမှာ ပါဝင်ခွင့်ပေးထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ ပြည့်ဝတဲ့ ဒီမိုကရေစီကို မဖော်ဆောင်နိုင်ဘဲ ဒီမိုကရေစီစနစ်ပိုကျတဲ့ အနာဂတ်ဖော်ဆောင်ဖို့အတွက် ကနဦးလမ်းခင်းပေးခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ကစတင်ခဲ့တဲ့ အပြောင်းအလဲတွေကြောင့် လူအများစုဟာ ဆင်းရဲတွင်းက လွတ်ခဲ့ရပြီး လူ့အဖွဲ့အစည်းကလည်း ပြည်တွင်းမှာရော ပြည်ပကမ္ဘာနဲ့ပါ အများကြီး လမ်းပွင့်ခဲ့ပါတယ်။ မြန်မာနိုင်ငံက အစိုးရအဖွဲ့ဝင်တွေ၊ အောက်ခြေက နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ စကားပြောစဉ်မှာရော စာနယ်ဇင်းဆရာတွေ၊ ပညာရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးစဉ်မှာပါ ကျွန်တော် မျက်မြင်ကြုံတွေ့ရတဲ့ နိုင်ငံတစ်ဝန်း သက်ဝင်လှုပ်ရှားတဲ့ဆွေးနွေးမှုတွေကို သဘောကျမိပါတယ်။
ဒိန်းမတ် နိုင်ငံမှာလိုပဲ မြန်မာနိုင်ငံကလူတွေဟာ မိမိနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို စိတ်ဝင်တစားရှိပြီး အနာဂတ်အတွက် ခိုင်မာတဲ့မျှော်လင့်ချက်တွေ ရှိကြပါတယ်။ ထင်မြင်ယူဆချက်တွေကတော့ အမျိုးမျိုး အထွေထွေပါပဲ။ တိုင်းနဲ့ပြည်နယ် အလိုက်ကွာသလို တိုင်းရင်းသားအလိုက်၊ အဖွဲ့အစည်းရဲ့ အကျိုးစီးပွားအလိုက် ကွာကြပါတယ်။ ဒါပေမဲ့လည်း ဒိန်းမတ်နိုင်ငံမှာလိုပဲ နောက်ကြောင်းပြန်လှည့်သင့်တာတွေရှိသလို ဝမ်းနည်းစရာကောင်းစွာပဲ အခုလို အသွင်ကူးပြောင်းရေးမှာ အားလုံး တန်းတူညီမျှ ပါဝင်ခွင့်မရတာတွေလည်း ရှိပါတယ်။ အထူးသဖြင့် ပြည်နယ်တွေက လူမျိုးစုတွေ အတွက်ပါပဲ။ ဒေသတွင်း အခြားနိုင်ငံတွေနဲ့ ယှဉ်ရင် မီဒီယာလွတ်လပ်ခွင့်ရလာတာတွေ၊ ပိုမိုလွတ်လပ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပေါ်ထွက်လာတာတွေ၊ လူ့အခွင့်အရေးကို ပိုပြီးလေးစားလာတာတွေနဲ့ အစောပိုင်းက ခေတ်ကောင်းခဲ့ပြီး ရှေ့တန်းရောက်လာခဲ့တဲ့ မြန်မာနိုင်ငံဟာ တိုးတက်မှု တဖြည်းဖြည်း နှေးကွေးလာဟန်ရှိပါတယ်။
ဒါက စိုးရိမ်ပူပန်စရာ အကြောင်းအရင်း ဖြစ်ပေမယ့်လည်း မြန်မာနိုင်ငံက လူထုရဲ့မျှော်လင့်ချက်က အနိုင်ယူလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်အပေါ် ဆွေးနွေးမှုတွေအတွက် တစ်ခုတည်းသောဥပဒေအဖြစ် ဆောင်ရွက်မယ့် အားလုံးအကျုံးဝင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်လာဖို့ လက်ရှိ ကြိုးပမ်းအားထုတ်မှုတွေ အောင်မြင်လာမယ်လို့ ကျွန်တော်မျှော်လင့် ပါတယ်။ ဒီလို နောက်ခံအကြောင်းအရင်းတွေနဲ့ လာမယ့် အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ခိုင်မာစေဖို့နဲ့ ဒီမိုကရေစီစနစ် ပိုမိုတိုးတက်ဖြစ်ထွန်းစေဖို့ အရေးပါတဲ့ အခွင့်အလမ်းတစ်ရပ် ဖြစ်လာပါလိမ့်မယ်။
မြန်မာအစိုးရနဲ့ တာဝန်ရှိသူတွေဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ရေးကို လေးစားဖွယ်ရာ ဆောင်ရွက်လျက်ရှိပြီး သေဆုံးမှုအရေအတွက်ကို လည်းထိန်းထားနိုင်တယ်လို့ ကျွန်တော် မြင်ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်၊ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ ရောဂါတိုက်ဖျက်ရေးအတွက် ကြိုးပမ်းအားထုတ်မှုတွေကို ဒိန်းမတ်နိုင်ငံက ပံ့ပိုးလျက်ရှိပါတယ်။ ယနေ့ အခါသမယမှာပဲ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို နှာခေါင်းစည်းတစ်သိန်းနဲ့ ရောဂါကာကွယ်ရေး ဝတ်စုံ ၂၀ဝ၀ ကျွန်တော်တို့ လှူဒါန်းသွားဖို့ ရှိပါတယ်။ ဒီနှာခေါင်းစည်းတွေ၊ ဝတ်စုံတွေကို အလုပ် အကိုင် ဆုံးရှုံးမယ့်အနေအထားနဲ ကြုံတွေ့ခဲ့ရတဲ့ မြန်မာအထည်ချုပ် အလုပ်သမားလေးတွေက ဒိန်းမတ်နိုင်ငံရဲ့ အထောက်အပံ့နဲ့ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
လူမှုရေး အကာအကွယ်မရရှိတဲ့ ဆင်းရဲ နွမ်းပါးပြီး ထိခိုက်လွယ်တဲ့လူတွေအတွက် ဒီအကျပ်အတည်းက အထူးတလည် ထိခိုက်စေမယ်ဆိုတာ ထင်ရှားပေမယ့် COVID-19 ရောဂါရဲ့ နောက်ဆက်တွဲ စီးပွားရေးဆိုးကျိုးတွေကို ကမ္ဘာတစ်လွှားမှာ မြင်တွေ့ရဦးမှာဖြစ်ပါတယ်။ ဒီကပ်ရောဂါ ဖြစ်ပွားပြီးတဲ့နောက်မှာ ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို 'ပုံမှန်' ပြန်လည်ပတ်ဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။ ဒီလို စိန်ခေါ်မှုတွေအများကြီးကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာလည်း COVID-19 အရေးနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ စီးပွားရေးအကျပ်အတည်းနဲ့ လာမယ့်ရွေးကောက်ပွဲ တွေအပေါ် နိုင်ငံအနေနဲ့ ဘယ်ကိုဦးတည်နေသလဲဆိုတာကို အကျယ်တဝင့်ဆွေးနွေးဖို့ နေရာချန်ထားနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။
COVID-19 ရောဂါကြောင့် ဒီတစ်နှစ်တော့ ဒိန်းမတ်သံရုံးက မိတ်ဆွေတွေ၊ မိတ်ဖက်အဖွဲ့ အစည်းတွေကို သမားရိုးကျ ဧည့်ခံပွဲတွေကို မဖိတ်နိုင်တော့ပါဘူး။ အဲဒီအစား ကျော်ကြားတဲ့ ဒိန်း(စ်) ဂီတ အနုပညာရှင်တွေ ဖျော်ဖြေမယ့် ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီးက ဦးစီးကျင်းပတဲ့ ဂီတပွဲတော် တိုက်ရိုက်ထုတ်လွှင့်မှုကို ဖေ့စ်ဘွတ်ခ်ကနေ ကြည့်ရှုကြဖို့ မြန်မာနိုင်ငံက မိတ်ဆွေအားလုံးကို ဖိတ်ကြားပါရစေ။
ဒိန်းမတ် ဖွဲ့စည်းပုံအခြေခံဥပဒေနေ့ နေ့ရက် ဇွန်လ ၅ ရက် (သောကြာနေ့) အချိန် ည ၇း၃၀ (မြန်မာစံတော်ချိန်) ချန်နယ် https://youtu.be/fA650gkYb3U သို့မဟုတ် https://www.facebook.com/dkinmyanmar/


















