မန်ယူအသင်းနှင့် အငှားစာချုပ်သက်တမ်း တိုးမြှင့်နိုင်ခဲ့၍ အလွန်ပျော်ရွှင်မိကြောင်း၊ ၎င်း၏ ခြေစွမ်းဖြင့် မန်ယူအသင်း ယခုထက်ပိုမိုအဆင့်မြင့် လာရန် တစ်ဖက်တစ်လမ်းမှကူညီမည်ဖြစ်ကြောင်း နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဟာလိုက မန်ယူတီဗွီ နှင့်တွေ့ဆုံခဲ့ရာ၌ ပြောကြားခဲ့သည်။
အီဟာလိုသည် COVID-19 ကြောင့် လိဂ်မရွှေ့ ဆိုင်းမီ မန်ယူအတွက် ရှစ်ပွဲကစားခဲ့ရာ လေးဂိုးသွင်း ယူခဲ့ပြီး ခြေစွမ်းပြခဲ့သည်။
အီဟာလို၏အငှားစာချုပ် မှာ မေ ၃၁ ရက်ကပြည့်ခဲ့ရာ မန်ယူနှင့် အီဟာလို၏ မိခင်ကလပ် ရှန်ဟိုင်းရှင်ဟွာတို့အကြား သက်တမ်း တိုးရေးကိစ္စမှာ အဆင်မပြေဘဲ လိပ်ခဲတည်းလည်း ဖြစ်ခဲ့သည်။
သို့သော် မန်ယူသည် ဇွန် ၁ ရက်ကမူ အီဟာလိုနှင့် အငှားစာချုပ်ထပ်တိုးရန် ရှန်ဟိုင်း ရှင်ဟွာနှင့် သဘောတူညီမှုရရှိခဲ့ပြီး နိုင်ဂျီးရီးယား တိုက်စစ်မှူးမှာ လာမည့် ၂ဝ၂၁ ခုနှစ် ဇန်နဝါရီအထိ မန်ယူတွင်ဆက်ရှိမည်ဖြစ်သည်။
''ကျွန်တော် အလွန်ပျော်ပါတယ်။ ဒီမှာဆက်ရှိ နေဖို့က ကျွန်တော့်အတွက် အိပ်မက်ပါ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဆွေးနွေးမှုအဆင်မပြေတာတွေ ရှိခဲ့လို့ ခက်ခဲခဲ့ပါတယ်။ အခုတော့ အဆင်ပြေပါပြီ။ ၂ဝ၂၁ ဇန်နဝါရီအထိ ကစားရမှာက ကျွန်တော့် အတွက် ကောင်းတယ်။ ရှန်ဟိုင်းရှင်ဟွာဥက္ကဋ္ဌနဲ့ ဒါရိုက်တာက ကျွန်တော်လိုချင်တာကိုသိတော့ ကူညီ ပေးခဲ့တယ်။ ဒီအတွက် သူတို့ကိုလည်း ကျေးဇူးတင် ပါတယ်''ဟု အီဟာလိုက ဆိုခဲ့သည်။















