မီလန်မြို့၌ သေနတ်ဖြင့်ချိန်ခံရပြီး ဓားပြတိုက်ခံရဟု ကက်စတီလီဂျို ပြော

မီလန်မြို့၌ သေနတ်ဖြင့်ချိန်ခံရပြီး ဓားပြတိုက်ခံရဟု ကက်စတီလီဂျို ပြော

အေစီမီလန် တောင်ပံကစား သမားတစ်ဦးဖြစ်သူ ကက်စတီလီဂျိုက မီလန်မြို့တွင် ဓားပြတိုက်ခံရကြောင်း အင်စတာဂရမ်၌ပို့စ်တင်ကာ ပရိသတ် များအား အသိပေးပြောကြားခဲ့သည်။ အသက်(၂၅)နှစ်အရွယ် စပိန်သား ကက်စတီလီဂျိုသည် ဇွန် ၉ ရက်က မီလန်မြို့ရှိမီးပွိုင့်၌ ကားရပ်တန့်ထား စဉ် လူနှစ်ဦးကချဉ်းကပ်လာပြီး သေနတ် ဖြင့်ချိန်၍ လုယက်ခဲ့ခြင်းဖြစ်သည်။

''မီလန်မြို့မှာ အရာအားလုံးအဆင် ပြေရဲ့လား။ လူနှစ်ယောက်က ကျွန်တော့်ရဲ့မျက်နှာကို သေနတ်နဲ့ထောက်ပြီး လုယက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် အဆင်ပြေပါတယ်။ သူတို့က နာရီပဲ ယူသွားကြတယ်။ ဘာမှထိခိုက်တာမျိုး မရှိပါဘူး။ အားလုံးကိုကျေးဇူးတင်ပါ တယ်''ဟု ပြောကြားခဲ့သည်။

ကက်စတီလီဂျိုသည် လွန်ခဲ့ သည့်နှစ်နှစ်ခန့်က လာလီဂါကလပ် ဗီလာရီးရဲလ်မှ အေစီမီလန်သို့ ပြောင်း ရွှေ့ကြေးယူရို ၂၁ သန်းဖြင့်ပြောင်းရွှေ့ ခဲ့သူဖြစ်သည်။ ကယ်စတီလီဂျိုသည် အေစီမီလန်အသင်းကိုယ်စားပြု၍ ၅၉ ပွဲကစားခဲ့ရာ ငါးဂိုးသွင်းယူထားသူ ဖြစ်သည်။

ကယ်စတီလီဂျိုသည် ယခုနှစ် စီးရီးအေ ၁၆ ပွဲကစားထားရာ ၁၂ ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့သည်။ အေစီမီလန်နှင့် သုံးနှစ်စာချုပ် ကျန်ရှိနေသော ကက်စတီလီဂျိုသည် ပွဲ အကန့်အသတ်ဖြင့် ကစားနေရသည်။

အေစီမီလန်သည် ကိုဗစ်ကာလ အတွင်း လာမည့်ဇွန် ၁၂ ရက်တွင် ကိုပါအီတာလီယာ ဆီမီးဖိုင်နယ် ဒု--ကျော့အဖြစ် ဂျူဗင်တပ်စ်နှင့်ကစား ရမည်ဖြစ်သည်။ အေစီမီလန်သည် လာမည့်ဇူလိုင် ၂၂ ရက်၌မူ လက်ချီ အသင်းနှင့် စီးရီးအေပွဲကစားရမည် ဖြစ်ကြောင်း သိရသည်။



ဖတ်ရှုမှုအများဆုံး