ဒါးပိန်မြို့ စည်ပင်သာယာ ဈေးအတွင်း ဈေးသည်ချင်း စကားများရန်ဖြစ်၍ ဓားဖြင့်ခုတ်ခဲ့သည်ဆိုမှုကို အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
ဇွန်လ ၁၀ရက် နံနက် ၈နာရီခွဲခန့်တွင် လှည်းကူးမြို့နယ်၊ ဒါးပိန်မြို့ စည်ပင် သာယာဈေးအတွင်း ဈေးသည်ချင်း စကားများရန်ဖြစ်၍ ဓါးခုတ်မှု တစ်ခုဖြစ်ပွားကြောင်းသတင်းအရ ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့သည်။
ဓားဖြင့်ခုတ်ခံရသူမှာ ဒါးပိန်တောင် ကျေးရွာနေ ဦးသန်းလွင် (၄၄နှစ်) ဖြစ်ပြီး ဦးခေါင်း နောက်စေ့ ပြတ်ရှဒဏ်ရာနှစ်ချက်၊ ယာနားနှင့် နားထင် ပြတ်ရှဒဏ် ရာတစ်ချက်၊ နဖူးပြတ်ရှဒဏ် ရာတစ်ချက်၊ ဦးခေါင်းငယ်ထိပ်ပြတ်ရှ ဒဏ်ရာတစ်ချက် ရရှိထားသဖြင့် ဒဏ်ရာရသူအား သင်္ဃန်းကျွန်းစံပြ ဆေးရုံသို့တင်ပို့ဆောင်ပေးခဲ့သည်။
စုံစမ်းချက်အရ အခင်းဖြစ်ဈေးအတွင်း နေရာကိစ္စ စကားများရန်ဖြစ်ရာက တိုးနိုင်ဝင်း (၄၆နှစ်)က ဝါးအရိုးတပ် ဓါးမဖြင့် ခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒါးပိန်ရဲစခန်းက (ပ)၂၄၂/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၂၆ အရ အမှုဖွင့်ကာ တိုးနိုင်ဝင်းကို ဖမ်းဆီးပြီး ဆက်လက် စစ်ဆေးလျက်ရှိသည်။

















