သံဖြူဇရပ်မြို့ မိန်မလာတောင် တူးဖော်ရေးပြုလုပ်ခဲ့သည့် ရေအိုင်အတွင်း ယမန်နေ့ ဇွန် ၁၇ ရက် ညပိုင်းတွင် ရေနစ်သေဆုံးနေသူ လေးဦး၏ ရုပ်လောင်းကို တွေ့ရှိခဲ့သည်။
ဇွန် ၁၇ ရက် ည ၇ နာရီ အချိန်ခန့်တွင် သံဖြူဇရပ်မြို့ ဝဲကဝါကျေးရွာအုပ်စု အောင်ကုသိုလ် ရပ်ကွက်ရှိ မိန်မလာတောင် ရေအိုင်အတွင်း လူလေးဦး ရေနစ်သေဆုံးကြောင်း သတင်းအရ သံဖြူဇရပ်မြို့မရဲစခန်းမှူး ဒုရဲမှူး မင်းဇော်နှင့်အဖွဲ့က သွားရောက် စစ်ဆေးခဲ့သည်။
အဆိုပါနေရာတွင် ၊အောင်ကုသိုလ် ဓမ္မကရုဏဘုန်းကြီးကျောင်းတွင် နေထိုင်သည့် ဒေါ်ခင် (၆၆ နှစ်) ငပကျေးရွာနေ မအေးသီရိစံ(၁၂)နှစ်၊ မရွှေပန်း(၁၂ နှစ်)နှင့် မမိုးသဇင် (၁၁)နှစ်၊တို့အား ရေနစ်သေဆုံးလျက် တွေ့ရှိရသည်။
အဆိုပါနေရာတွင် ဂျပန်ခေတ်က ရတနာများ မြှုပ်နှံ ထားတယ်ဆိုတဲ့ ပါးစပ်ရာဇင်များကြောင့် Myanmar Eagle Co.ltd က တူးဖော်ရေးလုပ်ငန်းများလုပ်ကိုင်ထားသည့် နေရာဖြစ်ကြောင်း ဒေသနေထိုင်သူများက ဆိုသည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရသေဆုံးသူ ၄ ဦးမှာ ဘုန်းတော်ကြီးမှ ညနေ ၃ နာရီ အချိန်ခန့်တွင် ထွက်သွားခဲ့ပြီး ည ၆ နာရီ ဘုရားရှိခိုးရန် ကြေးစည်တီးချိန်၌ ၎င်းတို့ ၄ ဦးပျောက်ဆုံးနေသည်ကို သိရသဖြင့် လိုက်လံရှာဖွေရာ ကျောင်းနှင့် ၁ မိုင်ခန့်ဝေးကွာသည့် မိန်မလာတောင် တူးဖော်ရေးလုပ်ထားသည့် ရေအိုင်အတွင်း သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်သည်။
"တူးဖော်ထားတဲ့ မြေကြီးတွေ အပေါ်ဘက်ကိုကုတ်တင်ထားတော့ မိုးရွာတော့ ဒီကမြေစေးတွေအရည်ပျော်ပြီး ရေထွက်တယ် အောက်ဖက်မှာ ခြေသလုံးအထိလောက် ချွဲနေတယ်။ တစ်ယောက် ရေထဲဆင်းရင်း နစ်လို့နောက်လူတွေ ဆက်ကယ်ရင်း နစ်သေတယ်လို့တော့ ထင်တယ်" သွားရောက်ကူညီခဲ့သည့် သံဖြူဇရပ်မြို့နယ်အရေးပေါ်လူမှုကူညီရေးအသင်း ယာဉ်မောင်းတာဝန်ခံ ဦးကျော်ဝင်းကပြောသည်။
"သေတဲ့သူတွေကို ခက်ခက်ခဲခဲ ဆယ်ယူပြီးတော့ သံဖြူဇရပ်ဆေးရုံကို ပို့ပေးခဲ့တယ်။ ဒီနေ့ စစ်ဆေးချက်ပြီးရင် ကလေးမလေးတွေနေတဲ့ ငပကျေူရွာကို ပြန်သယ်မယ်ဆိုရင် ကူညီပေးသွားမှာပါ"ဟု ဦးကျော်ဝင်းကပြောသည်။
ဂျပန်ခေတ် မြန်မာပြည်မှပြန်လည်ဆုတ်ခွာစဉ်က ယူဆောင်သွားခဲ့သည်ဆိုသည့် ရတနာများ ဝှက်ထားရှိခဲ့သည့် ဒဏ္ဍာရီလာ စကားများရှိခဲ့သည့် အဆိုပါနေရာသို့ ၁ မိုင်ခန့်ဝေးကွာသည့် ဘုန်းတော်ကြီးကျောင်းနေရာမှ မွန်စာပေသင်ကြားရန်ရောက်နေ့သည့်ကလေးငယ် ၃ ဦးနှင့် ကပ္ပိယလုပ်ကိုင်သူ အမျိုးသမီးတို့ ရောက်ရှိသွားကာ သေဆုံးခြင်းအပေါ် ဒေသနေထိုင်သူများက အစုလိုက်အပြုံလိုက် လူစားလဲသည်ဟုလည်း ဒေသခံများက ဆိုသည်။
အဆိုပါသေဆုံးကို သံဖြူဇရပ်ရဲစခန်းက သေမှုသေခင်းဖွင့်လှစ် စစ်ဆေးလျက်ရှိသည်။.
















