ဇူလိုင်၂၁ ရက်နေ့တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပေတော့မည်။ ထိုအတွေးက ကျောင်းနေအရွယ် ကလေးနှစ်ဦးမိခင် ဒေါ်ယုမွန်သန်းကို ရက်ပေါင်းများစွာ ရတက်မအေးဖြစ်စေခဲ့သည်။ နောက်ဆုံးတွင်တော့ မလွယ်ကူသော ဆုံးဖြတ်ချက် တစ်ခုကို သူဇွတ်မှိတ်ချလိုက်ရသည်။ထိုဆုံးဖြတ်ချက်ကား စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်က အထကကျောင်းတွင် ဒုတိယတန်းနှင့် ပဥ္စမတန်းတက်ရောက်မည့် သူ့သားနှစ်ဦး ကိုဗစ်ရောဂါ ကူးစက်ခံရမည်ကို စိုးရိမ်သဖြင့် ကျောင်းတစ်နှစ် နားလိုက်ရန်ပင် ဖြစ်သည်။
''ရာသီပေါ် သွေးလွန်တုပ်ကွေးမျိုးဆိုရင် ကာကွယ်ဆေးလည်း ရှိတယ်။ ခုဟာက ကပ်ရောဂါဆိုတော့ ကလေးတွေကို ဒီနှစ်မှာ ကျောင်းနားလိုက်တော့မယ်'' ဟု ဒေါ်ယုမွန်သန်းက ပြတ်ပြတ်သားသား ဆိုသည်။ကပ်ရောဂါကူးစက်နေသည့် ကာလအတွင်း မဆင်ခြင်မိခဲ့သဖြင့် ရင်နာရသည့်အဖြစ် ကြုံရမည်ကို သူက အထူးစိုးရိမ်နေသည်။
''ကျွန်မတို့ခေတ်တုန်းက ၈၈ အရေးအခင်းဖြစ်လို့ နားခဲ့ရသေးတာပဲ။ ကံတရားအရ အသက်တိုတာ၊ သေတယ်ဆိုတာက မတတ်နိုင်ဘူးပေါ့။ ဒါပေမဲ့ သိရဲ့သားနဲ့ဖြစ်သွားရင်တော့ ကိုယ့်တာဝန်မကင်းဘူးလေ။ သားတွေအတွက် ဒီတစ်နှစ်ကိုတော့ စိတ်တုံးတုံးချ နားခိုင်းလိုက်တော့မယ်'' ဟု သူက ဆိုသည်။စနစ်သစ်ပညာရေးဖြစ်သည့်အတွက် ကျောင်း တစ်နှစ် နားသော်လည်း ၎င်း၏သားများ နောင်နှစ်ကျောင်းတက်ချိန်တွင် ပညာသင်ကြားရေး အခက်အခဲ မရှိနိုင်ဟု သူက သုံးသပ်သည်။ ယခုနှစ်တွင်မူ သားများအတွက် ပုံနိုပ်စာအုပ်များဝယ်ကာ အင်္ဂလိပ်စာနှင့်သင်္ချာအခြေခံတတ်မြောက်ရန်နှင့် မြန်မာစာ အရေးအဖတ်အတွက် အိမ်တွင် သင်ကြား ပေးမည်ဟု သူက စီစဉ်ထားသည်။
''အဓိကတော့ အင်္ဂလိပ်စာအခြေခံပဲ။ မြန်မာစာကတော့ ရေးတတ် ဖတ်တတ်ဖို့ အဓိက။ သင်္ချာဆိုရင်လည်း သူ့အခြေခံလေးနဲ့ သူပေါ့။ ကျောင်းမှာလိုတော့ ဂီတဘာသာရပ်တွေ၊ ဘာတွေနဲ့ မသင်နိုင်တော့ဘူးပေါ့'' ဟု သူက ဆိုလေသည်။
''ကျောင်းက သူငယ်ချင်းတွေနဲ့ မတွေ့ရတော့ဘူး'' ဟု ဆိုလာသည့် သားငယ်၏စကားကမူ သူ့ကို စိတ်ထိ ခိုက်စေခဲ့သည်။ဇွန် ၁ ရက်နေ့သည် နှစ်စဉ်အခြေခံပညာကျောင်း များ ပုံမှန်ဖွင့်သော ရက်ဖြစ်သည်။ ယခုစာသင်နှစ်တွင် ကိုဗစ်ကြောင့် ပုံမှန်ကျောင်းဖွင့်ရက်ထက် ၅၁ ရက်တိတိ နောက်ကျပြီးမှ ဖွင့်ခြင်းဖြစ်သည်။ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေမှုအပေါ် ကျောင်းသားမိဘတချို့က သဘောတူသူများ ရှိသလို ကျောင်းဖွင့်ရန် ကန့်ကွက်သော မိဘအချို့လည်း ရှိနေသည်။
မြောက်ဥက္ကလာပမြို့နယ်နေGrade-11 ကျောင်းသားမိဘဖြစ်သူ ဒေါ်မျိုးမျိုးအေးက ပုံမှန်ကျောင်းဖွင့်ချိန် ထက် ရက် ၅ဝ ကျော် နောက်ကျနေပြီဖြစ်သောကြောင့် ယခုကဲ့သို့ ကျောင်းဖွင့်ရန်စီစဉ်ခြင်းမှာ သင့်တော်သည် ဟု ထင်မြင်သည်။သူ၏သားမှာ အတန်းထဲတွင် ထူးချွန်ဆု နှစ်စဉ်ရရှိသူဖြစ်ပြီး တက္ကသိုလ်ဝင််စာမေးပွဲကို အမှတ်ကောင်းကောင်း ဖြင့်အောင်မြင်ရန် မျှော်မှန်းထားပြီးအနာဂတ်တွင်လည်း အင်ဂျင်နီယာကျောင်းတက်ရန် စိတ်ကူးနေခြင်းကြောင့် ကျောင်းတစ်နှစ် နောက်ကျ မည်ကို ဒေါ်မျိုးမျိုးအေးက သဘောမကျ။
''ဒီလိုအခြေအနေမှာ ကျောင်းတစ်နှစ် နာသွားလို့ သားအတွက် နစ်နာတာမျိုး အဖြစ်မခံစေချင်ဘူး။ ရောဂါထိန်းချုပ်နိုင်မှ ကျောင်းဖွင့်မယ်ဆိုရင် အရမ်းကြီး နောက်ကျ မယ်လို့ ထင်ပါတယ်။ ခုတောင် ရက် ၅ဝ ကျော်လောက် နောက်ကျနေတာ''ဟု ဒေါ်မျိုးမျိုးအေးက ဆိုသည်။အတန်းပညာ တစ်နှစ်နောက်ကျမည်ကို ပူပင်သည့် မိဘများထဲတွင် ဦးစိုးမင်းအောင်လည်း တစ်ဦး အပါအဝင် ဖြစ်သည်။
''သမီးကို စိတ်ပူလို့ ကျောင်းမသွားခိုင်းရင် သူပဲ တစ်နှစ်နစ်နာမယ်။ အဲဒီလိုတော့ အဖြစ်မခံနိုင်ဘူး'' ဟု ပုဂ္ဂလိကကျောင်းတစ်ကျောင်းတွင် မူလတန်းကြို သင်ကြားနေသော သမီးဖြစ်သူ၏ ပညာရေးအတွက် ပူပင်မှုကို ၎င်းကပြောသည်။မိဘတစ်ဦးဖြစ်သည့် ကိုအောင်မင်းနိုင်ကမူ ကူးစက်ရောဂါဖြစ်ပွားမှု မတည်ငြိမ်သေးပါက သူ၏ကလေးများကို ကျောင်းမထားဟု ဆုံးဖြတ်ထားသည်။
''ထပ်တိုးလူနာတွေ မြင်ရရင် ရင်ထဲမှာ မလုံခြုံပါဘူး။ သူတို့လေးတွေရဲ့ ကျန်းမာရေးက ကျွန်တော်တို့ လင်မယားနှစ်ယောက်ရဲ့ အသက်ထက် အရေးကြီးပါ တယ်။ ကျောင်းမတက်ပေမဲ့ သူတို့အတွက် ကျန်းမာ ရေးကို ဂရုစိုက်ပြီး စာသင်ပေးနေမှာပါ'' ဟု ကိုအောင်မင်းနိုင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
ကိုဗစ်ကာလ စာသင်ခန်းပုံစံသစ်
ကျောင်းသားမိဘများအကြား ယခုစာသင်နှစ် ကျောင်းအပ်နှံရေးအတွက် သဘောထားအမျိုးမျိုး ရှိစေကာမူ အခြေခံပညာကျောင်းများကို ဇူလိုင်၂၁ ရက်တွင် အထက်တန်းအဆင့်မှစတင်ကာ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းအတိုင်း ပြန်လည်ဖွင့်တော့မည်ဖြစ်သည်။
စာသင်ခန်းအတွင်း ကျောင်းသားတစ်ဦးနှင့်တစ်ဦးအနည်းဆုံး ခြောက်ပေအကွာအဝေးနှင့် တစ်ခန်းလျှင်ကျောင်းသား ၂ဝ ဦး အများဆုံး ထည့်သွင်းရန်သတ်မှတ်ချက်၊ ကျောင်းသို့လာရာလမ်းတွင် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ကျောင်းကားစီးနင်းရာတွင် နှစ်ယောက်ထိုင်ထိုင်ခုံ တွင် တစ်ဦးတည်းသာ လိုက်ပါစီးနင်းခြင်း၊ ကျောင်း ရောက်လျှင် လက်ဆေးခြင်းနှင့် အပူချိန်တိုင်းခြင်း ပြုလုပ်ပြီးမှသာ ကျောင်းအတွင်း ဝင်ခွင့်ပြုမည်ဟု အခြေခံပညာဦးစီးဌာနက ကျောင်းများ လိုက်နာရမည့် စည်းကမ်းချက်များတွင် ဖော်ပြထားသည်။ကျောင်းသားများသည် စာသင်ခန်းထဲတွင် နှာခေါင်းစည်းများ တပ်ဆင်ထားရန် မလိုအပ်ဘဲ စာသင်ချိန် တွင် မျက်နှာကာများ တပ်ဆင်ထားရုံဖြင့် လုံလောက် သည်ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။
''စာသင်ချိန်တစ်ချိန်လုံး နှာခေါင်းစည်း တပ်ထားဖို့ မလိုပါဘူး။ ဘယ်ကျောင်းသားမှလည်း တပ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မျက်နှာကာတစ်ခုစီ ဝေဖို့ စီစဉ်ထား ပါတယ်'' ဟု ဦးကိုလေးဝင်းက ပြောသည်။ထို့အတွက် နိုင်ငံတော်က ကျောင်းသားတစ်ဦးလျှင်အကြိမ်ကြိမ် ပြန်လည်အသုံးပြုနိုင်မည့် အဝတ်နှာခေါင်း စည်းနှစ်ခုနှင့် ဖိုင်ဘာမျက်နှာအကာ (face shield) တစ်ခုကို အခမဲ့ဖြန့်ဝေပေးမည်ဟု ကြေညာထားသည်။ ထိုထောက်ပံ့မှုမှာ အစိုးရကျောင်းများအတွက်သာဖြစ်ပြီး နိုင်ငံအနှံ့ ဘုန်းတော်ကြီးကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသားသုံးသိန်းဝန်းကျင် မှာ ထိုထောက်ပံ့မှုများ ရရှိရန် မသေချာဟု အမျိုးသားလွှတ်တော် ပညာရေးမြ§င့်တင်မှု ကော်မတီအတွင်းရေးမှူးဦးကျော်တုတ်က ပြောသည်။
''ဘကကျောင်းတွေက ပညာရေးဝန်ကြီးဌာနအောက် မှာ မရှိဘူး။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအောက်မှာဆိုတော့ နှာခေါင်းစည်းနဲ့ မျက်နှာကာတွေ အခမဲ့ဖြန့်ဝေဖို့ ဝန်ကြီးက ပြောမသွားဘူး။ ဒါကြောင့် ဘကကျောင်းတွေအနေနဲ့ ရမယ်၊ မရဘူးဆိုတာ မသေချာဘူး'' ဟု ဦးကျော်တုတ်က ဇွန်လ၂၇ ရက်က ပြုလုပ်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်များနှင့် ပညာ ရေးဝန်ကြီး တွေ့ဆုံရှင်းလင်းပွဲအပြီးတွင် ပြောသည်။
စာသင်ခန်းထဲတွင် ကျောင်းသားတစ်ဦးနှင့်တစ်ဦးအနည်းဆုံး ခြောက်ပေခွာရမည်ဟူသော စည်းကမ်းချက်ကို ကျောင်းသားများ လိုက်နာနိုင်ခြင်း ရှိ၊မရှိကိုလည်း ကျောင်း သားမိဘဖြစ်သူ ဒေါ်ယုမွန်သန်းက သံသယရှိသည်။ဇူလိုင် ၂၁ ရက်တွင် အထက်တန်းအဆင့်မှ စတင်ဖွင့်လှစ်ရန် နိုင်ငံတော်သတ်မှတ်ချက်အတိုင်း ဘက၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘော်ဒါဆောင်ဟူ၍ ခွဲခြားမည်မဟုတ်ဘဲ မည်သည့်ကျောင်းမဆို လိုက်နာရမည် ဖြစ်ပြီး ကိုယ်ပိုင်ကျောင်းများသည်လည်း ကျောင်းအတွင်း ရောဂါကူးစက်မှုကာကွယ်ရေးအတွက် ကြပ်ကြပ်မတ်မတ် တာဝန်ယူရန်လိုကြောင်း အခြေခံ ပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပြောသည်။ တာဝန်ယူမှုလျော့ရဲသော ကိုယ်ပိုင်ကျောင်းများကို ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ဥပဒေ၊ ကူးစက်ရောဂါထိန်းချုပ်ရေးဥပဒေနှင့် သဘာဝ ဘေးအန္တရာယ် ကာကွယ်ထိန်းသိမ်းရေးဥပဒေသုံးခုဖြင့် အရေးယူခံရနိုင်သည်ဟု ၎င်းက သတိပေးလိုက်သည်။
တစ်ဦးနဲ့တစ်ဦးကြား ခြောက်ပေခွာ စာသင်ရမည် ဆိုပါက ကိုယ်ပိုင်ကျောင်းများတွင်လည်း စာသင်ခန်း လိုအပ်ချက်များ ရှိလာမည်ဟု ကိုယ်ပိုင်ကျောင်းဆရာ များအသင်းဥက္ကဌဒေါက်တာဇီဝကက ပြောသည်။ရန်ကုန်မြို့ရှိ ကိုယ်ပိုင်ကျောင်းများ၏ စာသင်ခန်း များမှာ ကျဉ်းပြီး ကျောင်းသားတစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာအဝေး ထားမည်ဆိုပါက ၁ဝ ဦးထက် ပိုမို ထားနိုင်မည်မဟုတ်ကြောင်း သူကဆိုသည်။ထို့ကြောင့် ကိုဗစ်ကာလအတွင်း ပညာရေးဝန်ကြီးဌာနက ကိုယ်ပိုင်ကျောင်းများအား မှတ်ပုံတင်ဥပဒေအတိုင်း ဖြေလျှော့မှုများ ပြုလုပ်ပေးသင့်သည်ဟု သူက တိုက်တွန်းသည်။
''နယ်မှာက ပြဿနာမဟုတ်ဘူး။ ရန်ကုန်ကျောင်းတွေအားလုံးက အခန်းကျဉ်းတယ်။ လောလောဆယ် အခြေအနေမှာ မှတ်ပုံတင်မထားတဲ့ အခန်းတွေမှာ စာသင်ရင်ရော ခွင့်ပြုမလားဆိုတာမျိုး ဖြေလျှော့ပေးဖို့ လိုတယ်'' ဟု ဒေါက်တာဇီဝကက ပြောသည်။တက္ကသိုလ်ဆရာ၊ ဆရာမများကိုယ်စားပြု ကော်မတီကလည်း ကျောင်းဖွင့်ရန် ပြင်ဆင်နေခြင်းအပေါ် ကန့်ကွက်ကြောင်း မေ ၁၇ ရက်က သဘောထားထုတ်ပြန်ထားသည်။
ပညာရေးဝန်ကြီးဌာန၏ ကျောင်းဖွင့်ခြင်းကို ကန့်ကွက်ကြောင်း ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘအချို့က တင်ပြသဖြင့် ယခုကဲ့သို့ စုစည်းထုတ်ပြန်ခြင်းဖြစ်သည်ဟု တက္ကသိုလ်ဆရာ၊ ဆရာမများကိုယ်စားပြု ကော်မတီအဖွဲ့ဝင် ဆရာဦးသန်းထိုက်အောင်က ပြောသည်။
''ဂျာမနီလို ချမ်းသာတဲ့နိုင်ငံတောင် ဖြေလျှော့မှုတချို့လုပ်ပြီး ကျောင်းဖွင့်လိုက်တာ ရက်အနည်းငယ်လောက်မှာ ရောဂါကူးစက်မှုနှုန်း မြင့်တက်လာလို့ ကျောင်းတွေ ပြန်ပိတ်လိုက်ရတဲ့ ဖြစ်စဉ်မျိုးက ကျွန်တော်တို့အတွက် သင်ခန်းစာပဲ'' ဟု ဆရာဦးသန်းထိုက်အောင်က ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က အနာဂတ်တွင် အွန်လိုင်းပညာရေးစနစ်ကို မလွဲမသွေသွားရမည်ဟု လက်ခံထား သော်လည်း ကျောင်းစာသင်ခန်းအတွင်း ပညာသင်ကြားခြင်းသည် သင်ခန်းစာများကို သင်ကြားရုံသာမက တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပေါင်းသင်းဆက်ဆံရေးနှင့် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ခြင်းဆိုသည့်ကိုယ်ရည်ကိုယ်သွေး မြင့်မားရေးကိုလည်း ရှေးရှုကြောင်း ပြောကြားခဲ့သည်။

















