ထိပ်တိုက်တွေ့ဆုံမှု အသာစီးဖြင့် အဆင့်တစ်သို့ ရီးရဲလ်ရောက်လာ လာလီဂါဂိုး အများဆုံးနောက်ခံလူအဖြစ် ရာမို့စ်စံချိန်စိုက်ထူ

ထိပ်တိုက်တွေ့ဆုံမှု အသာစီးဖြင့် အဆင့်တစ်သို့ ရီးရဲလ်ရောက်လာ လာလီဂါဂိုး အများဆုံးနောက်ခံလူအဖြစ် ရာမို့စ်စံချိန်စိုက်ထူ

ရီးရဲလ် မက်ဒရစ်သည် ဇွန် ၂၁ ရက်က ဆိုစီဒက်နှင့်ယှဉ်ပြိုင်ခဲ့ရာ နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရပြီးနောက် ပြိုင်ဘက်ဘာစီလိုနာနှင့် ၆၅ မှတ်ချင်းတူသော်လည်း ထိပ်တိုက်တွေ့ ဆုံမှုအသာစီးဖြင့် အဆင့်တစ်နေရာသို့ ရောက်လာကြောင်း သိရသည်။

ရီးရဲလ်နည်းပြ ဇီဒန်းသည် ၄-၃-၃ ကစားကွက်ကို အသုံးပြုခဲ့ပြီး တိုက် စစ်တွင် ဘန်ဇီမာ ရိုဒရီဂွက်ဇ်နှင့် ဗီနီဆီယက်စ်တို့ ပါဝင်ခဲ့ပြီး ကွင်းလယ်၌ တိုနီခရူးစ်၊ ဗယ်လ် ဘာဒီနှင့် ကာဆီမီယိုတို့ကို အသုံးပြုခဲ့ သည်။ ဆိုစီဒက်တိုက်စစ်ကို အီဆက်ခ် ဦးဆောင်ကာ အမာခံကစားသမားများဖြင့် ရီးရဲလ်ကိုရင်ဆိုင်ခဲ့သည်။ နှစ်သင်းစလုံး သည် ဦးဆောင်ဂိုးရရန် တိုက်စစ်ဆင်ခဲ့ သော်လည်း ဂိုးသွင်းမသေချာ၍ ပထမပိုင်း အပြီး ဂိုးမရှိ သရေကျခဲ့သည်။

ပွဲချိန်မိနစ် ၅ဝ ၌ လိုရန်တီက ပင်နယ် တီဧရိယာအတွင်း ဗီနီဆီယက်စ်ကို ဆွဲသလို ဖြစ်ခဲ့ရာ ကွင်းလယ်ဒိုင်က ရီးရဲလ်ကို ပင်နယ်တီပေးခဲ့သည်။ Video စနစ်အရလည်း ပင်နယ်တီဟုသတ်မှတ်ခဲ့ရာ ရာမို့စ်က သွင်းယူပေး၍ ရီးရဲလ် ဦးဆောင်ဂိုးရခဲ့သည်။ ၆၇ မိနစ်တွင် ဂျာနူဇက်က ကိုက် ၂ဝ အကွာမှ ဂိုးသွင်းခဲ့သော်လည်း လူကျွံဘောဖြစ်နေ၍ ဆိုစီဒက်နစ်နာခဲ့သည်။

ရီးရဲလ်မက်ဒရစ်သည် ယခုနှစ်ရာသီတွင် ဘာစီလိုနာအား တစ်ပွဲနိုင် တစ်ပွဲသရေ ကစားခဲ့ရာ ထိပ်တိုက်တွေ့ဆုံမှု သာနေ၍ ဇယားထိပ်သို့ တက်လှမ်းခဲ့ခြင်းဖြစ်သည်။

ပင်နယ်တီမှ ဂိုးသွင်းခဲ့သော ရီးရဲလ် နောက်ခံလူ ရာမို့စ်သည် နယ်သာလန် နောက်ခံလူဟောင်း ရော်နယ်ကိုးမန်းကို ကျော်ဖြတ်၍ ၆၈ ဂိုးဖြင့် လာလီဂါဂိုးသွင်း အများဆုံးနောက်ခံ ကစားသမားစံချိန် စိုက်ထူ နိုင်ခဲ့သည်။

အသက် ၃၄ နှစ်အရွယ် ရာမို့စ် သည် ၂ဝဝ၄ ခုနှစ်က ဆီဗီလာ၌ ကစားစဉ် လာလီဂါ ၃၉ပွဲ၌ နှစ်ဂိုးသွင်းနိုင်ခဲ့သည်။ ရာမို့စ်သည်၂ဝဝ၅ ခုနှစ်က ရီးရဲလ်သို့ ပြောင်းလာပြီး ရီးရဲလ် ကစားသမားဘဝ ပထမဆုံးလာလီဂါဂိုးကို မာလာဂါနှင့်ပွဲတွင် သွင်းယူခဲ့သည်။ ယခုနှစ်လာလီဂါ ခုနစ်ဂိုး ရထားသော ရာမို့စ်သည် ရီးရဲလ်ကိုယ်စား ပြု၍ လာလီဂါ ၆၆ ဂိုး သွင်းယူထားသူ ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး