ကျောင်းအုပ်ကြီးတစ်ဦး သေတမ်းစာရေး၍ ကျောင်း၌ ကြိုးဆွဲချသေဆုံး

ကျောင်းအုပ်ကြီးတစ်ဦး သေတမ်းစာရေး၍ ကျောင်း၌ ကြိုးဆွဲချသေဆုံး

လေးမျက်နှာမြို့နယ်တွင် ကျောင်းအုပ်ကြီးတစ်ဦး သေတမ်းစာရေး၍ ကြိုးဆွဲချသေဆုံးမှု ကို စစ်ဆေး လျက်ရှိကြောင်း ဇွန် ၂၅ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။

ဇွန်လ၂၄ ရက်နေ့ တွင် ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ် သဲနုကုန်းအုပ်စု ကျားကိုက်ကွင်း ကျေးရွာ၊ အ.မ.ကကျောင်း၌ လူတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ သဲနုကုန်းနယ်မြေရဲစခန်းမှူးရဲအုပ်ဇင်ကိုကိုနှင့်အဖွဲ့က သွားရောက် စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ စောပြာကျေးရွာနေ ကျောင်းအုပ်ဆရာကြီး ဖြစ်ကြောင်းသိရပြီး ကျားကိုက်ကွင်းကျေးရွာ အ.မ.ကကျောင်းရှိ ဆရာဆရာမများ နားနေခန်းဝင်ပေါက် တံခါးဘောင်တွင် ၄ လက်မသံဖြင့်ရိုက်၍ နိုင်လွန်းကြိုးကို အသုံးပြုကာ ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရသည်။

ထို့အပြင်နားနေခန်းရှိ ကျောက်သင်ပုန်းတွင်"နောင်ရောက်လာမဲ့ကျောင်းအုပ်ကြီးသည် ကျွန်တော်ထက် ပိုတော်ပြီး အစဉ်လာကောင်းသော ပညာတတ်ရတနာများ မွေးထုတ်ပေးနိုင်ပါစေ။ ဤကျောင်းကြီး သာယာလှပအောင် ဆက်လက်ဆောင်ရွက်နိုင်သူဖြစ်ပါစေ" ဟု လက်မှတ်ရေးထိုးထားသည်ကို တွေ့ရှိရသည်။

သဲနုကုန်းနယ်မြေရဲစခန်းမှသေမှုသေခင်းအမှတ်စဉ်၁/၂၀၂၀ဖြင့်စစ်ဆေးလျက်ရှိသည်။