ပရီးမီးယားလိဂ်ချန်ပီယံဆုရရန် လီဗာပူး၏အချိန်ဟု ဆာလက်ချ်ပြော ချန်ပီယံဆုရယူနိုင်သော ခုနစ်သင်းမြောက်ကလပ်အဖြစ် လီဗာပူးမှတ်တမ်းဝင်မည်

ပရီးမီးယားလိဂ်ချန်ပီယံဆုရရန် လီဗာပူး၏အချိန်ဟု ဆာလက်ချ်ပြော ချန်ပီယံဆုရယူနိုင်သော ခုနစ်သင်းမြောက်ကလပ်အဖြစ် လီဗာပူးမှတ်တမ်းဝင်မည်

လီဗာပူးတောင်ပံတိုက်စစ်မှူး မိုဟာ မက်ဆာလက်ချ်က ပရီးမီးယားလိဂ်ချန်ပီယံ ဆုဆွတ်ခူးရရှိရန် လီဗာပူး၏အချိန်ဖြစ် ကြောင်း ခရစ္စတယ်ပဲလေ့စ်အား လေးဂိုးပြတ် အနိုင်ရသောပွဲအပြီး စကိုင်းစပို့စ်နှင့်တွေ့ဆုံ ရာ၌ ပြောကြားလိုက်သည်။

လီဗာပူးသည် ဇွန် ၂၄ ရက်က အိမ် ကွင်းတွင် ပဲလေ့စ်အား လက်ခံကစားခဲ့ရ ခြင်းဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှုအသာစီး ရကာ ဂိုးပြတ်အနိုင်ရခဲ့သည်။ လီဗာပူးသည် တစ်ပွဲလုံးတွင် ဂိုးပေါက်ခြိမ်းခြောက်မှု (၂၁) ကြိမ်အထိရရှိကာ ပဲလေ့စ်အား ဖိအားပေး ကစားခဲ့သည်။

လီဗာပူးအတွက် အဖွင့်ဂိုးကို နောက်ခံလူအာနိုးက ၂၃ မိနစ်တွင် အလွတ် တည်ကန်ဘောမှတစ်ဆင့် သွင်းယူပေးခဲ့ သည်။ ပွဲချိန် ၄၄ မိနစ်၌ ဖာဘင်ဟို ကွင်း လယ်မှမ,တင်ပေးသည်ကို ဆာလက်ချ်က ဘောလုံးရယူကာ ဒုတိယဂိုးသွင်းပေးခဲ့သည်။ဖာဘင်ဟိုသည် ဒုတိယပိုင်း ၅၅ မိနစ်၌ ကိုက် ၃ဝ အကွာမှ အသင်းအတွက်တတိယ ဂိုးသွင်းပေးခဲ့သည်။ လီဗာပူးအတွက်စတုတ္ထ ဂိုးကို မာနေးက ၆၉ မိနစ်တွင်သွင်းယူခဲ့၍ လေးဂိုးပြတ်အနိုင်ရခဲ့သည်။

ဆာလက်ချ်က ''ထူးထူးကဲကဲခံစားနေ ရတယ်။ ကျွန်တော် ဒီကိုစရောက်လာက တည်းက ဒီအသင်းနဲ့ ပရီးမီးယားလိဂ်ချန် ပီယံဆုရချင်တယ်လို့ ပြောခဲ့ပါတယ်။ လီဗာ ပူးမြို့ဟာ ဆုမရတာတော်တော်ကို ကြာနေ ပါပြီ။ အခုတော့ ဆုရဖို့အချိန်တန်ပါပြီ။ မနှစ်ကဆိုရင် ကျွန်တော်တို့အသင်းဆုရဖို့ အခွင့်အရေးရခဲ့ပါတယ်။ ဒါပေမဲ့ မန်စီးတီး က တကယ်ကိုကောင်းခဲ့တယ်။ ဒါကြောင့် သူတို့အသင်းဟာ ချန်ပီယံဆုနဲ့ထိုက်တန် ခဲ့ပါတယ်။ အခုအချိန်က ပရီးမီးယားလိဂ် ချန်ပီယံဆုရဖို့ ကျွန်တော်တို့အလှည့်ပါ။ ဒါကကြီးကျယ်ခမ်းနားပါတယ်။ ပဲလေ့စ်ကို ဂိုးပြတ်နိုင်ခဲ့လို့ပျော်ရွှင်မိပါတယ်။ အကောင်း ဆုံးကစားနိုင်ခဲ့ပါတယ်။ ကစားသမားအားလုံး ရဲ့စွမ်းဆောင်ရည်က မယုံကြည်နိုင်စရာပါ''ဟု ပြောကြားခဲ့သည်။

ဆာလက်ချ်သည် ယခုနှစ်ပရီးမီးယား လိဂ် ၂၇ ပွဲကစားထားရာ ၁၇ ဂိုးသွင်းယူပြီး ပြိုင်ပွဲစုံ ၂၁ ဂိုးသွင်းယူထားသည်။ ၎င်းသည် လီဗာပူးကိုယ်စားပြု၍၁၄၅ ပွဲကစားထားရာ ၉၂ ဂိုးသွင်းယူထားကြောင်း သိရသည်။

လီဗာပူးသည် ပရီးမီးယားလိဂ်ဟုအမည် ပြောင်းလဲပြီးနောက် ချန်ပီယံဆုရယူနိုင်သော ခုနစ်သင်းမြောက်ကလပ်အဖြစ် မှတ်တမ်း ဝင်မည်ဖြစ်သည်။ ပရီးမီးယားလိဂ်ချန်ပီ ယံဆုကိုင်မြှောက်ဖူးသောအသင်းများမှာ မန်ယူ(၁၃ကြိမ်)၊ ချယ်လ်ဆီး(၅ကြိမ်)၊ မန်စီး တီး(၄ကြိမ်)၊ အာဆင်နယ်(၃ကြိမ်)၊ ဘလက် ဘန်း(၁ကြိမ်)နှင့် လက်စတာ(၁ကြိမ်)တို့ ဖြစ်ကြသည်။



ဖတ်ရှုမှုအများဆုံး