တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာအနီး၌ မြေကြီးအတွင်း မြှုပ်နှံထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆၄ သိန်းကျော်ကို နယ်မြေရှင်းလင်းဆောင်ရွက်နေသည့် တပ်မတော်သားများက ယနေ့ ဇွန် ၂၉ ရက်နေ့တွင်သိမ်းဆည်းရမိခဲ့သည်။
ယနေ့ နံနက် ၄ နာရီခွဲအချိန်တွင် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာ အုပ်စုအတွင်း ရေပူစမ်းကျေးရွာအနီး ဝါးရုံပင်အနီးတွင် မြေကြီးပေါ် ထွက်နေသည့် မိုးကာပလတ်စတစ် အိတ်စ ကို နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်သားများက မသင်္ကာဖွယ်တွေ့ရှိခဲ့သည်။ အဆိုပါ မြေကြီးကိုတူးဖော်ကြည့်ရာက မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
မြေကြီးအတွင်းမှ တူးဖော်သိမ်းဆည်းရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြား ၆,၄၈၀,၀၀၀ ပြားဝန်းကျင်နှင့် စိတ်ကြွဆေးအကြေ (၁၁၄၈)ကီလိုဝန်းကျင်အပြင် AK မောင်းပြန်ရိုင်ဖယ်သေနတ်တစ်လက်၊ ၎င်းကျည်အိမ် တစ်ခုနှင့် ၎င်းကျည် ၂၅ တောင့်၊ ပွိုင့်-၂၂ သေနတ် နှစ်လက်၊ နှစ်လုံးပြူး သေနတ် တစ်လက်၊ ၎င်းကျည် ၅ တောင့် နှင့် တစ်လုံးထိုး သေနတ် နှစ်လက်တို့တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် လက်နက်များအား တပ်မတော်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်သို့သို့ လွှဲပြောင်းကာ အမှုဖွင့်ပြီး ပိုင်ရှင်အားဖော်ထုတ်ဖမ်းဆီးနိုင်ရန် စုံစမ်းလျက်ရှိသည်။

















