ပရိုဘဝ ဂိုး ၇ဝဝ ပြည့် မက်ဆီသွင်းနိုင်သော်လည်း ဘာစီလိုနာ သရေပွဲထပ်ကြုံ ပွဲပြီးခါနီးမှ ဂရစ်ဇ်မန်းကိုအသုံးပြုခဲ့မှု နည်းပြဆက်တီယန်ရှင်း

ပရိုဘဝ ဂိုး ၇ဝဝ ပြည့် မက်ဆီသွင်းနိုင်သော်လည်း ဘာစီလိုနာ သရေပွဲထပ်ကြုံ ပွဲပြီးခါနီးမှ ဂရစ်ဇ်မန်းကိုအသုံးပြုခဲ့မှု နည်းပြဆက်တီယန်ရှင်း

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ သည် အိမ်ကွင်း၌ အက်သလက်တီကိုနှင့် ပွဲတွင်ဂိုးသွင်းခဲ့၍ ပရိုဘဝ ဂိုး ၇ဝဝ ပြည့် ခဲ့သော်လည်း ဘာစီလိုနာမှာ နှစ်ဂိုးစီသရေ သာကစားနိုင်ခဲ့ပြီး နိုင်ပွဲပျောက်ခဲ့ရာ ဖိအား ပိုများလာကြောင်း စပိန်သတင်းများက ဖော်ပြခဲ့သည်။

ဘာစီလိုနာတိုက်စစ်ကို မက်ဆီနှင့်ဆွာ ရက်ဇ်တို့ ဦးဆောင်ခဲ့ပြီး အက်သလက်တီကို နည်းပြ ဆီမြွန်နီမှာ ၄-၄-၂ ကစားကွက် ကိုအသုံးပြုခဲ့သည်။ ဘာစီလိုနာသည် ၁၁ မိနစ်၌ လက်ဆောင်ဂိုးကြောင့် ဦးဆောင်ခဲ့ သော်လည်း ဆောလ်နီဂွက်ဇ်က ၁၉ မိနစ်တွင် ပင်နယ်တီမှပြန်သွင်းခဲ့သည်။ မိနစ် ၅ဝ တွင် ဖိလစ်ပီက ပင်နယ်တီဧရိယာအတွင်း ဆီမီဒိုကို ကစားပုံကြမ်းခဲ့၍ ဘာစီလိုနာ ပင်နယ်တီရခဲ့ရာ မက်ဆီက ဂိုးအလယ်သို့ ကျော်မ,သွင်းယူခဲ့သည်။ သို့သော် ဘာစီ လိုနာသည် ၆၂ မိနစ်တွင် ပင်နယ်တီပြန် ပေးလိုက်ရပြီး နီဂွက်ဇ်ကပင် သွင်းယူခဲ့ခြင်း ဖြစ်သည်။

အသက်(၃၃)နှစ်အရွယ် မက်ဆီသည် နိုင်ငံကစားသမားဘဝ ၁၃၈ ပွဲကစားခဲ့ရာ ဂိုး ၇ဝ သွင်းယူနိုင်ပြီး ကလပ်ကိုယ်စားပြု၍ ဂိုး ၆၃ဝ သွင်းနိုင်ခဲ့သည်။ မက်ဆီသည် ဂျိုးဆက်ဖ်ဘီကန်၊ ရိုမာရီယို၊ ပီလီ၊ ပွတ်စ် ကပ်စ်၊ စီရိုနယ်ဒိုနှင့် ဂတ်ဒ်မူလာတို့ပြီး နောက် ကလပ်နှင့်နိုင်ငံအတွက် ဂိုး ၇ဝဝ ပြည့်ခဲ့သော သတ္တမမြောက် ကစားသမား ဖြစ်လာသည်။

ဘာစီလိုနာနည်းပြ ဆက်တီယန်သည် အက်သလက်တီကိုနှင့်ပွဲ၌ ပြင်သစ်တိုက် စစ်မှူး ဂရစ်ဇ်မန်းကို မိနစ် ၉ဝ ရောက်မှသာ ဗီဒယ်အစား လူစားလဲ အသုံးပြုခဲ့သည်။ ဂရစ်ဇ်မန်းသည် ဘာစီလိုနာ၌ ရုန်းကန် နေရပြီး ၂ဝ၂ဝ ပြည့်နှစ် ဖေဖော်ဝါရီနောက် ပိုင်း ဂိုးမသွင်းနိုင်ခဲ့ပေ။

ဘာစီလိုနာနည်းပြ ဆက်တီယန်က ''အချိန်သိပ်မကျန်တော့မှ ဝင်လာရတာမို့ ဒါက ဂရစ်ဇ်မန်းအတွက် ခက်ခဲမယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ သူနဲ့စကား ပြောသွားဦးမှာပါ။ ဒီလိုလုပ်မိလို့ တောင်းပန် ဖို့တော့မရှိပါဘူး။ ဒါက ဆုံးဖြတ်ချက်မို့လို့ ပါ''ဟု ရှင်းလင်းခဲ့သည်။ ဂရစ်ဇ်မန်းသည် မကြာခင်က ဆီဗီလာ၊ ဘီလ်ဘာအိုတို့နှင့် ပွဲများ၌လည်း ပွဲထွက်ခွင့်မရဘဲ အရန်ခုံ ထိုင်ခဲ့ရသည်။

ဘာစီလိုနာသည် လာလီဂါ ၃၃ ပွဲ ကစားပြီးချိန် ရမှတ် ၇ဝ ဖြင့် အဆင့်(၂) တွင်ရပ်တည်ကာ ရီးရဲလ်မက်ဒရစ်၏ကျော် တက်ခြင်းကို ခံထားရ၍ နည်းပြဆက်တီ ယန်မှာ ဖိအားများဆက်တိုက်ရင်ဆိုင်နေ ရပြီဖြစ်သည်။

ဘာစီလိုနာသည် နောက်ဆုံးလာလီဂါ လေးပွဲတွင် သုံးပွဲသရေကျခဲ့ပြီး လာမည့် ဇူလိုင် ၇ ရက်၌ ဗီလာရီးရဲလ်ကွင်းသို့သွား ရောက်ကစားရမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး