ဖားကန့် ကျောက် လုပ်ကွက်ဟောင်းမြေပြိုမှုဖြစ်ပွားကာ နွံလှိုင်းရိုက်ခတ်မှုကြောင့် ရေမဆေးကျောက် ရှာဖွေသူများ သေဆုံးကာ ရုပ်အလောင်း ၅၀ ကယ်ဆယ်ရေးအဖွဲ့က ဆယ်ယူရရှိခဲ့ပြီး ကျန်သူများကို ဆက်လက် ရှာဖွေနေကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။
ယနေ့ ဇူလိုင် ၂ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ ကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ်ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာ စုပေါင်း လုပ်ကွက်ဟောင်းနေရာများတွင် ရေမဆေးသမားများ ရေမဆေး ကျောက်ဝင်ရောက်တူးဖော်နေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့သည်။
အဆိုပါမြေပြိုမှုဖြစ်ပွားစဉ် နွံလှိုင်းရိုက်ခတ်ပြီး ရေမဆေးကျောက်ရှာဖွေသူများ နွံနစ်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါနေရာသို့ ဖားကန့်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီး သတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီခွဲတွင် သေဆုံးသူ ရုပ်အလောင်း(၃၅)လောင်းနှင့် နံနက် ၁၀ နာရီ အချိန်တွင် ရုပ်အလောင်း(၁၅)လောင်း စုစုပေါင်း ၅၀ ၏ ရုပ်အလောင်းများကို ဆယ်ယူနိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

















