ကျပ်သိန်း ၁၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်း

ကျပ်သိန်း ၁၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်း

မူဆယ်-လားရှိုးသွား ပြည်ထောင်စုကားလမ်း၌ ကျပ်သိန်း ၁၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် တရားခံကို ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း ဇူလိုင် ၂ ရက်နေ့တွင် မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။

ဇူလိုင် ၁ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်တွင် မူဆယ်မြို့နယ်၊ အိုရီယမ်တယ် တိုးဂိတ်အနီး၊ မူဆယ်-လားရှိုး သွားပြည်ထောင်စုကားလမ်း၌ ကွတ်ခိုင်မြို့ဘက်မှ မူဆယ်မြို့ဘက်သို့ ကွတ်ခိုင်မြို့နယ်၊ တက္ကနိုင်းကျေးရွာနေ ဂွန်ဆန်အောင် (၂၅ နှစ်) စီးနင်း မောင်းနှင်လာသည့် မော်တော်ယာဉ်ကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က တားဆီးစစ်ဆေးခဲ့သည်။

အဆိုပါယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် ပလတ်စတစ် ကပ်ခွာ အိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၁၂၀၀၀၀ ပြား (ကျပ်သိန်း ၁၈၀၀)၊ ဘိန်းဆီ ခဲအလေးချိန် ၁ ဒသမ ၀၅ ကီလို ကျပ် ၅၂ ဒသမ ၅ သိန်း နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို တွေ့ရှိ သိမ်းဆည်းခဲ့သည်။

ကွင်းဆက် ပေါ်ပေါက်ချက်အရ အဆိုပါ မူးယစ်ဆေးဝါးများအား မူဆယ်မြို့၊ မြောက်ရပ်ကွက်နေ ဒေါ်ရန်ရွှင် (၅၁ နှစ်)မှ လက်ခံရယူမည်ဖြစ်ကြောင်း သိရသဖြင့် မူးယစ်တပ်ဖွဲ့မှ ညနေ ၅ နာရီခွဲအချိန်တွင်  ၎င်း၏နေအိမ်၌ လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ သိမ်းဆည်း ရမိခဲ့သည်။

မူဆယ် မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။