၂ဝ၂ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသမီးရွေးကောက်ခံ ကိုယ်စားလှယ်ဦးရေ မြင့်မားလာဖို့ ဘာတွေလုပ်ဆောင်ဖို့ လိုအပ်လဲ

၂ဝ၂ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသမီးရွေးကောက်ခံ ကိုယ်စားလှယ်ဦးရေ မြင့်မားလာဖို့ ဘာတွေလုပ်ဆောင်ဖို့ လိုအပ်လဲ

၁၉၉၅ ခုနှစ်၌ တစ်ကမ္ဘာလုံးလွှတ်တော်များတွင် အမျိုးသမီးများပါဝင်နိုင်မှု မှာ ၁ဝ ရာခိုင်နှုန်း ခန့်သာရှိခဲ့ပါသည်။ အဆိုပါနှစ်တွင် ကုလသမဂ္ဂအဖွဲ့ က ပေကျင်းမြို့တွင် အမျိုးသမီးများဆိုင်ရာ ကမ္ဘာ့ညီလာခံတစ်ခု ကျင်းပ ခဲ့ရာ အမျိုးသမီးများ နိုင်ငံရေးတွင် ကိုယ်စားပြုပါဝင်နိုင်မှု လျော့နည်းနေခြင်းမှာ ဒီမိုကရေစီရေးအတွက် ပြဿနာတစ်ရပ်ဖြစ်ကြောင်း ဖော်ပြခဲ့ပါ သည်။

အမျိုးသမီးများ နိုင်ငံရေးတွင် ကိုယ်စားပြုပါဝင်နိုင်မှုကို မြ§င့်တင်ရန် အတွက် ၁၉၉၅ ခုနှစ် ညီလာခံမှတစ်ဆင့် တိုက်တွန်းခဲ့ရာ ယခုအခါ တစ်ကမ္ဘာလုံးလွှတ်တော်များတွင် အမျိုးသမီးများ ကိုယ်စားပြုပါဝင်နိုင်မှုမှာ စုစုပေါင်း ၂၄ ရာခိုင်နှုန်း ရှိနေပြီဖြစ်ပါသည်။ ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲပြီးသည့်နောက် မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်တွင် ပါဝင်သည့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်းမှာ ၁ဝ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရှိပါသည်။ အာဆီယံဒေသအတွင်းရှိ နိုင်ငံများတွင် ဘရူနိုင်းနိုင်ငံမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၉ ရာခိုင်နှုန်းသာ ရှိသဖြင့် မြန်မာနိုင်ငံထက် လျော့နည်းသည်ဟု ဆိုနိုင်ပါသည်။ သို့သော် ဒေသအတွင်းရှိ အခြားနိုင်ငံများတို့၏ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံထက် ပို၍ မြင့်မားကြပါသည်။ ဥပမာ– တီမောနိုင်ငံ (၃၈ ရာခိုင်နှုန်း)၊ ဖိလစ်ပိုင်နိုင်ငံ (၂၈ ရာခိုင်နှုန်း)နှင့် လာအိုနိုင်ငံ (၂၈ရာခိုင်နှုန်း)တို့ ဖြစ်ကြသည်။

ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအားလုံးမှ ဝင်ရောက်ရွေးကောက် ယှဉ်ပြိုင်ခဲ့သော အမျိုးသမီးကိုယ်စားလှယ်လောင်း ဦးရေ ၁၅ ရာခိုင်နှုန်းအောက်သာ ရှိခဲ့ပါသည်။ ပြီးခဲ့သည့်ရွေးကောက်ပွဲ၌ အရွေးကောက်ခံခဲ့ရသော အမျိုးသမီးရာခိုင်နှုန်းမှာ မြန်မာ့သမိုင်း တစ်လျှောက်တွင် အများဆုံးဖြစ်ခဲ့သော်လည်း အာဆီယံဒေသတွင်း အနေအထားနှင့် ယှဉ်ကြည့်လျှင်မူ နည်းပါးနေပါသေးသည်။ထို့ကြောင့် ပညာအလင်းပွင့် မြန်မာသုတေသနဖောင်ဒေးရှင်းက မြန်မာနိုင်ငံတွင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ နည်းပါးရခြင်း အကြောင်းရင်းကို ၂ဝ၁၈ ခုနှစ်က စတင်ပြီး လေ့လာခဲ့ပါသည်။ အဆိုပါလေ့လာရေးတွင် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရပြီး လွှတ်တော်ထဲသို့ ဝင်ရောက်ခဲ့သည့် နိုင်ငံရေးပါတီကိုးခု၏ ဗဟိုအမှုဆောင်ကိုယ်စား လှယ်များ၊ မြို့နယ်အမှုဆောင် ကိုယ်စားလှယ်များနှင့် လွှတ်တော်အမတ် များကုို အချိန်ယူတွေ့ဆုံကာ မေးမြန်းထားပြီး ထိုပါတီတို့၏ အမျိုးသမီး ဆိုင်ရာမူဝါဒနှင့် သဘောထားများကိုလည်း ဆန်းစစ်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ နည်းပါးရခြင်းအကြောင်းရင်းများစွာ ရှိပါသည်။ ပထမအကြောင်းရင်းမှာ မဲပေးပြည်သူ၏သဘောထားနှင့် အရွေးကောက်ခံအမျိုးသမီးတို့၏ လူမှုဝန်းကျင်နှင့် သက်ဆိုင်ပါသည်။ ထိုအခက်အခဲများထဲတွင် ယဉ်ကျေးမှုဆိုင်ရာပညတ် နှင့် စံနှုန်းများ၊ အမျိုးသားခေါင်းဆောင်တို့၏ ဦးဆောင်မှုကိုသာ အများ အားဖြင့် လိုလားထောက်ခံကြခြင်း၊ အမျိုးသမီးများအနေဖြင့်လည်း လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရန် ရည်မှန်းချက်နှင့် ယုံကြည်မှုလျော့နည်း နေခြင်း၊ ဝေးလံခေါင်သီသော နယ်မြေများသို့ အမျိုးသမီးများ ခရီးသွားလာ ရန် ခက်ခဲခြင်းနှင့် ထိုရပ်ဝေးဒေသများသို့ ညအိပ်ညနေသွားလာရန် အဆင်မပြေခြင်းစသည့် အချက်တို့ကို လေ့လာတွေ့ရှိရပါသည်။ ထို့ပြင်မိသားစု၏ ဝေယျာဝစ္စတို့ကို အမျိုးသမီးတို့ကသာ တာဝန်ယူဆောင်ရွက်ရ မည်ဆိုသည့် အယူအဆတို့ကြောင့် ရွေးကောက်ခံ အမျိုးသမီးကိုယ်စား လှယ်တို့အတွက် အိမ်ထောင့်တာဝန်နှင့် နိုင်ငံအရေးတို့တွင် ထိန်းညှိလုပ် ဆောင်ရန် ခက်ခဲကြောင်း လေ့လာတွေ့ရှိရပါသည်။

အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်နည်းပါးရခြင်း ဒုတိယအကြောင်း ရင်းမှာ လွှတ်တော်တွင် ကြိုတင်နေရာပေးထားမှုနှင့် သက်ဆိုင်ပါသည်။လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းမှာ တပ်မတော်သားကိုယ်စားလှယ်တို့အတွက် အလိုအလျောက်နေရာပေးထားပြီး အဆိုပါ တပ်မတော်သားကိုယ်စားလှယ် တို့၏ အများစုမှာ အမျိုးသားများသာဖြစ်ကြ၍ အမျိုးသမီးတို့ ပါဝင်နိုင်ခွင့် အတွက် နေရာကျဉ်းမြောင်းစေပါသည်။တတိယအကြောင်းရင်းမှာ နိုင်ငံရေးပါတီများ၏ လုပ်ဆောင်ချက်တို့နှင့်ပတ်သက်ပါသည်။ ပါတီတို့၏ ဗဟိုအဆင့်နှင့် မြို့နယ်အဆင့်ရှိ အရေးပါသောနေရာများတွင် အမျိုးသားများကိုသာ နေရာပေးမှုများသဖြင့် နိုင်ငံရေး ပါတီများတွင် အမျိုးသားကြီးစိုးမှု မြင့်မားလျက်ရှိသည်။ ပညာအလင်းပွင့် မြန်မာသုတေသနဖောင်ဒေးရှင်း၏ လတ်တလောထွက်ရှိထားသော အစီရင်ခံစာတွင် ၎င်းတို့ လေ့လာသည့်ပါတီ ကိုးခုအနက် ခုနစ်ခု၏ ဗဟိုအလုပ် အမှုဆောင်အဖွဲ့(စီအီးစီ)ထဲ၌ အမျိုးသမီးများကိုယ်စားပြုပါဝင်မှု ၂ဝရာခိုင်နှုန်းထက် နည်းနေကြောင်းနှင့် ပါတီ၏ကော်မတီများတွင် အရေးပါသော ရာထူးနေရာ (ဥပမာ–ဥက္ကဌ၊ တွဲဖက်ဥက္ကဌ၊ အတွင်းရေးမှူး)များတွင်အမျိုးသမီးအရေအတွက် အလွန်နည်းပါးကြောင်း ဖော်ပြထားပါသည်။ မြို့နယ်ကော်မတီများတွင်လည်း အမျိုးသမီးများ ကိုယ်စားပြုပါဝင်မှုနှုန်း အလွန်နည်းပါးလျက်ရှိသည်။ ထို့ပြင် ပညာအရည်အချင်းပိုမိုမြင့်မားသော အမျိုးသမီးများ၊ ရပ်ရွာအတွင်းတွင် ဂုဏ်သရေရှိ (သို့မဟုတ်) လူအများ လေးစားသည့် သြဇာရှိထားပြီးနှင့်သော အမျိုးသမီးများ၊ နိုင်ငံရေးနောက်ခံရှိသောမိသားစုမှ ဆင်းသက်လာသော အမျိုးသမီးများသည် ပါတီ၏အရေးပါသောနေရာများနှင့် အရွေးကောက်ခံကိုယ်းစားလှယ်အဖြစ် ပါဝင်ခွင့်ရကြသည်ကို တွေ့ရပါသည်။ အမျိုးသားတို့အတွက် သာမန် အထက်တန်းအောင်ရုံ၊ သို့မဟုတ် ဘွဲ့ရရုံအနေအထားဆိုလျှင် လက်သင့်ခံနိုင်ဖွယ်ရှိသော်လည်း အမျိုးသမီးဆိုလျှင် ပုံမှန်ထက် ပိုမိုသာလွန်သည့်အခြေအနေတစ်ရပ်ရပ်ရှိနေမှသာ လက်ခံနိုင်ဖွယ်သဘောဆောင်နေပါ သည်။ ပါတီတို့၏ ရွေးကောက်ခံကိုယ်စားလှယ်နှင့် ပတ်သက်သောမူဝါဒ တွင် ''တန်းတူညီမျှရေး''ကို ဖော်ပြထားသော်လည်း အမျိုးသမီးကိုယ်စား လှယ်ဆိုလျှင် အများအားဖြင့် အရည်အချင်းကို ဘက်စုံပိုမိုကြည့်ရှုကြောင်း သုတေသနအတွက် တွေ့ဆုံမေးမြန်းခဲ့သည့် အမျိုးသမီးပါတီဝင်နှင့် လွှတ်တော်ကိုယ်စားလှယ်တို့က ဆိုကြပါသည်။အဆိုပါ သုတေသနအစီရင်ခံတွင် ၂ဝ၂ဝ ရွေးကောက်ပွဲတွင်အမျိုးသမီးကိုယ်စားလှယ်ဦးရေ ပိုမိုပါဝင်လာရေးအတွက် အကြံပြုချက်ရှစ်ချက်ကို ဖော်ပြထားပါသည်။

ပထမအချက်တွင် ပါတီ၏ဖွဲ့စည်းပုံကို ပိုမိုခိုင်မာ အောင် အကြံပြုထားသည်။ မည်သို့သော အချက်အလက်နှင့်ပြည့်စုံသူကို ရွေးချယ်မည်ဆိုသည့်မူဝါဒကို ရှင်းရှင်းလင်းလင်းဖော်ပြရန် တိုက်တွန်းပြီးပွင့်လင်းမြင်သာမှုရှိစေရန် အကြံပြုထားပါသည်။

ဒုတိယအကြံပြုချက်တွင်ရွေးကောက်ခံကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် အောက်ခြေမှအထက်သို့အဆင့်ဆင့်တင်ပြသောပုံစံနှင့် အမျိုးသမီးတို့၏အသံနှင့် အကြံပြုချက်များအပါအဝင် အားလုံး ဘက်စုံပါဝင်ရွေးချယ်နိုင်ရေးကို အဆိုပြုထားပါသည်။

တတိယအကြံပြုချက်မှာ ပါတီ၏အမှုဆောင်အဖွဲ့နှင့် အခြားသောကော်မ တီများ၊ ရွေးကောက်ခံကိုယ်စားလှယ်တို့တွင် အမျိုးသမီးအရေအတွက်ကို ဝေပုံကျစနစ်တစ်ခုထားပြီး ထည့်သွင်းပေးရန် ဖြစ်ပါသည်။ လတ်တလောလေ့လာမိသလောက် ၂ဝ၂ဝ ခုနှစ်ရွေးကောက်ပွဲတွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ရွေးကောက်ခံ အမျိုးသမီးကိုယ်စားလှယ် လောင်း ၃ဝ ရာခိုင်နှုန်း ထည့်သွင်းသွားမည်ဟု ကြေညာထားပါသည်။

ထို့ပြင် အမျိုးသမီးတို့မှာ ငွေရေးကြေးရေးပိုင်းတွင် အိမ်ထောင်ဦးစီး ဖြစ်သော အမျိုးသားကိုသာ အားထားနေရသဖြင့် မဲဆွယ်စည်းရုံးရာတွင် သူတို့အတွက် ဘဏ္ဍာရေးအခက်အခဲ ရှိနိုင်ပါသည်။ ထို့ကြောင့် အမျိုးသမီးကိုယ်စားလှယ်လောင်းတို့ကိုဘဏ္ဍာရေးပံ့ပိုးပေးရန်လည်း အကြံပြုထားပါသည်။ ထို့အတူ ရပ်ဝေးနယ်ဝေးဒေသများသို့ အမျိုးသမီးကိုယ်စားလှယ် လောင်းတို့ မဲဆွယ်စည်းရုံးရာတွင် လုံခြုံမှုရှိအောင် ပါတီအနေဖြင့် စီမံဆောင်ရွက်ပေးသင့်ကြောင်းလည်း အစီရင်ခံစာက ညွှန်ပြထားသည်။ အရေးအကြီးဆုံးအချက်မှာ အမျိုးသမီးကိုယ်စားလှယ်လောင်းတို့အနေဖြင့်မဲဆွယ်စည်းရုံးသင့်အတတ်ပညာ၊ လူထုနှင့်ဆက်ဆံရေး၊ ရသုံးမှန်းခြေငွေ စာရင်းကို ဆန်းစစ်နားလည်နိုင်မှုနှင့် မူဝါဒရေးဆွဲရေးအသိပညာတို့ ပြည့်ဝနေစေရန် လိုအပ်သည့်အတွက် နိုင်ငံရေးပါတီနှင့် အမျိုးသမီးအရေးဆောင်ရွက်နေသောအဖွဲ့အစည်းတို့ ပူးပေါင်းကာ ဖြည့်ဆည်းပေးသင့် ပါသည်။

သုတေသနအစီရင်ခံစာတွင် ပါဝင်သောအကြံပြုချက်တစ်ခုမှာ ယခုလိုကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားနေချိန်တွင် လူထုထဲသို့ ကျယ်ကျယ်ပြန့်ပြန့်သွားရောက်ရန် အခက်အခဲဖြစ်နေချိန်၌ အဓိကလိုအပ်နေပါသည်။ ၎င်းမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များသည်လည်း အင်တာနက်ကို ကျွမ်းကျင်စွာအသုံးပြု၍ မဲဆွယ်စည်းရုံးပြီး အမုန်းစကားနှင့် လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး ဖြစ်ပါသည်။

နောက်ဆုံးအချက်မှာမူ နိုင်ငံရေးပါတီတို့အနေဖြင့် အမျိုးသမီးကိုယ်စား လှယ်လောင်းကို ထည့်သွင်းယှဉ်ပြိုင်စေရာတွင် မဲဆန္ဒနယ်တို့၏အနေအထား၊သူတို့၏လိုအပ်နေမှု၊ အတူယှဉ်ပြိုင်မည့် အခြားသောပါတီတို့၏ အနေအထားတို့ကို ချိန်ဆကာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း အောင်နိုင် ရေးမဟာဗျူဟာကို စနစ်တကျထားရှိရန် အကြံပြုထားပါသည်။

နိဂုံးချုပ်ဆိုရပါလျှင် အမျိုးသမီးများ နိုင်ငံရေးနှင့် စီးပွားရေးတွင် ပါဝင်ဆောင်ရွက်နိုင်မှု မြင့်မားရေးအကြောင်း ယခုနှစ်ပိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုလာကြပါသည်။ ထိုအရေးအတွက် လူမှုအဖွဲ့အစည်းများစွာတို့ကလည်း အရေးပေးဆောင်ရွက်နေကြသည့်နည်းတူ ရွေးကောက်ပွဲကော်မရှင်နှင့် လူမှုဝန်ထမ်းဦးစီးဌာနဘက်ကလည်း ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ပါသည်။ လွှတ်တော်သက်တမ်းတစ်ခုပြီးတစ်ခု အရွေးကောက်ခံရသည့် အမျိုးသမီးကိုယ်စားလှယ် ဦးရေတိုးမြင့်လာခဲ့သဖြင့် လာမည့် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း အမျိုးသမီးကိုယ်စားလှယ်လောင်းဦးရေနှင့် အရွေးကောက်ခံရမည့် ဦးရေတို့ ယခင်နှစ်ကထက် ပိုမိုတိုးတက်လာလိမ့်ဦးမည်ဟု ယုံကြည်ပါသည်။

(အေးလဲ့ထွန်းသည် ပညာအလင်းပွင့် မြန်မာသုတေသနဖောင်ဒေးရှင်း (EMReF)တွင် ကျား-မရေးရာ သုတေသနဆိုင်ရာ အကြီးတန်းပရိုဂရမ် မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။ ဤဆောင်းပါးမှာ ကနေဒါအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးသုတေသနစင်တာ (IDRC) ၏ပံ့ပိုးမှုဖြင့် ဆောင်ရွက်သော ''ပါတီဖွဲ့စည်းတည်ဆောက်ခြင်းနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်း ပါတီတွင်းနိုင်ငံရေးနှင့် မြန်မာနိုင်ငံ၏ကျား-မ တန်းတူညီမျှမှုကို မြှင့်တင်ခြင်း'' ဆိုသည့် သုတေသနအစီရင်ခံစာပါ အချက်အလက်များကို အခြေခံရေးသားထားခြင်း ဖြစ်သည်။ ဤဆောင်းပါးသည် ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်သည်။)



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021