ကုန်တင်ယာဉ် တိမ်းမှောက်မှုဖြစ်၊ အမျိုးသမီးတစ်ဦးသေဆုံး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ကုန်တင်ယာဉ် တိမ်းမှောက်မှုဖြစ်၊ အမျိုးသမီးတစ်ဦးသေဆုံး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ပန်းတောင်းမြို့နယ်၌ ကုန်တင်ယာဉ် ဘရိတ်ပေါက် တိမ်းမှောက်မှုဖြစ်ပွားကာ အမျိုးသမီး တစ်ဦးသေဆုံးကာ နှစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ဇူလိုင် ၃ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။ 

ဇူလိုင် ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် ပန်းတောင်းမြို့နယ် ညောင်ခြေထောက်ကျေးရွာအုပ်စု ပြည် - တောင်ကုတ်ကားလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ် ၁၃ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်ကျော်လှအောင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

ပြည်- တောင်ကုတ်ကားလမ်းမိုင်တိုင်အမှတ် ၃၅/၀ နှင့် ၃၅/၁ အကြားတွင် တောင်ကုတ်ဘက်မှ ပြည်ဘက်သို့ ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နေ ယာဉ်မောင်း ဝေဖြိုးသော် (၃၄)နှစ် မောင်းနှင်ပြီး ၎င်း၏ ဇနီး မအိမွန်စိုး (၃၁)နှစ်နှင့် ယာဉ်နောက်လိုက် ကျော်ဌေးလင်း (၂၆)နှစ် တို့လိုက်ပါလာသည့် NISSAN DIESEL ယာဉ်သည် ကုန်းအဆင်း ကွေ့အချိုး ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက် စောင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။

ယာဉ်ထိုးကျတိမ်းမှောကမှုကြောင့် မအိမွန်စိုး ဝဲတံတောင်ပွန်းပဲ့ ဒဏ်ရာ၊ ပြုတ်ကျ ဒဏ်ရာများ ရရှိကာ နေရာတွင် သေဆုံးသွားခဲ့ပြီး ဝေဖြိုးသော်တွင် ယာခြေသလုံး ဖူးရောင် ၊ ပွန်းပဲ့ ဝဲနံရိုးပေါ် ပွန်းပဲ့ ဝဲပုခုံး ဖူးရောင်/နာကျင်ဒဏ်ရာ နှင့် ကျော်ဌေးလင်း တွင် ယာနားပြတ်ရှ ယာလက်ဖျံပွန်း ဝဲခြေမျက်စိပွန်း ယာခြေမပွန်းပဲ့ ရင်ဘတ်အောင့် ဒဏ်ရာများရရှိခဲ့သည်။

ဥသျှစ်ပင်နယ်မြေရဲစခန်း၏ ယာဉ် (ပ) ၂၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ - က/ ၃၃၇ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။