ရဲတပ်ဖွဲ့ဝင် ရဲမေများအပေါ် လိင်အမြတ်ထုတ် ကျူးလွန်ခဲ့သည်ဆိုမှုဖြင့် ရဲတရားရုံးဖြင့် စစ်ဆေးနေသူ ရဲမှူးချုပ် ဇော်မိုးသန်းကို ထောင်ဒဏ်အမိန့်ချမှတ် ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်း လူမှူကွန်ရက်စာမျက်နှာများပေါ်တွင် သတင်းများထွက်ပေါ်နေသော်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟက "
ပြစ်ဒဏ်ဘယ်လောက်ကျလည်း ဆိုတာတော့ လတ်တလော မသိရသေးဘူး။ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ထောင်ဒဏ်အမိန့်ချလိုက်တာတော့မှန်ပါတယ်” ဟုပြောသည်။
ရဲတရားရုံးက ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ရာထူးမှ ထုတ်ပယ်၍ ထောင်ဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီးနောက် ရမည်းသင်းအကျဉ်းထောင်သို့ လွှဲအပ်လိုက်ကြောင်း အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ဆိုသည်။
ရာထူးတိုးကိစ္စရပ်များနှင့်ပတ်သက်၍ ရဲမေများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သည်ဟု လူမှုကွန်ရက် တွင်သတင်များ ထွက်ပေါ်လာခဲ့ပြီးနောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲရာထူးခန့်ချုပ် ရဲမှူးချုပ် ဇော်မိုးသန်းကို စုံစမ်းစစ်ဆေး ခဲ့ခြင်းဖြစ်သည်။
လက်ရှိပြည်ထဲရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီးစိုးထွဋ် လက်ထက်တွင် ရထားရဲတပ်ဖွဲ့မှ ရဲမှူးချုပ် မိုးသူအောင်နှင့် ရဲထောက်ချုပ် ရဲမှူးချုပ် ဇော်ခင်အောင်တို့အပြင် ရဲမှူးချုပ် ဇော်မိုးသန်းတို့ကို ရာထူးမှထုတ်ပယ်အရေးယူမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။
ရဲမှူးချုပ်ဇော်မိုးသန်းသည် ရဲလေ့ကျင့်ရေး အရာရှိချုပ် ရာထူးတာဝန်မှ ရဲရာထူးခန့်ချုပ် ရာထူးတာဝန်သို့ ပြောင်းရွှေ့လာသူတစ်ဦးလည်း ဖြစ်သည်။
















