ယူအက်ဖ်စီဖိုက်တာ ခါဘစ်၏ဖခင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ကွယ်လွန်

ယူအက်ဖ်စီဖိုက်တာ ခါဘစ်၏ဖခင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ကွယ်လွန်

ယူအက်ဖ်စီလိုက်ဝိတ်တန်းချန်ပီယံ ရုရှားနိုင်ငံသား ခါဘစ်၏ဖခင်ဖြစ်သူမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ရောဂါကို မတွန်းလှန်နိုင်ဘဲ ကွယ်လွန်ခဲ့ကြောင်း ဘီဘီစီက ဖော်ပြခဲ့သည်။

ခါဘစ်၏ဖခင်ဖြစ်သူမှာ အဗ္ဗဒူ မာနက်ဟု အမည်ရပြီး အသက်(၅၇) နှစ်အရွယ်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ခါဘစ်၏ဖခင်သည် နှလုံးရောဂါခံစား နေရသူဖြစ်ပြီး မေလမှစ၍ ရုရှားနိုင်ငံ ဒါဂျီစတန်၌ ဆေးရုံတက်ရောက်ခဲ့ရသည်။

ယင်းအချိန်က ခါဘစ်က ဖခင်ဖြစ်သူ ဆေးရုံတက်ရောက်ခဲ့ရမှုကို မီဒီယာများသို့ ပြောကြားခဲ့သည်။အဗ္ဗဒူ မာနက်မှာ နှလုံးခွဲစိတ်ကုသမှုခံယူခဲ့ရပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခဲ့ ခြင်းလည်း ဖြစ်သည်။

မွေးရပ်မြေ၌ ဆေးရုံတက်ရောက် နေရသည့် ဝါရင့်စစ်သားဟောင်းလည်း ဖြစ်သူ အဗ္ဗဒူမာနက်မှာ ရောဂါအခြေအနေဆိုးရွားလာ၍ မော်စကိုရှိ စစ်ဆေးရုံသို့ ပြောင်းရွှေ့ခဲ့ရသည်။

အဗ္ဗဒူ မာနက်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် သေဆုံးခဲ့ပြီဖြစ်ကြောင်းကို ခါဘစ်၏မန်နေဂျာ အလီအဗ္ဗဒီ လာဇစ်က ဇူလိုင် ၃ ရက်၌ တွစ်တာမှတစ်ဆင့် အသိပေးခဲ့သည်။

ခါဘစ်သည် ၎င်း၏ကစားသမားဘဝ၌ ၂၈ ပွဲဆက်ရှုံးပွဲမရှိခဲ့သည့် ဖိုက်တာတစ်ဦးဖြစ်သည်။ အဗ္ဗဒူမာ နက်မှာ ခါဘစ်၏ လေ့ကျင့်ရေးမှူးဖြစ်ပြီး ၂ဝ၁၉ ခုနှစ် စက်တင်ဘာက လိုက်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲ၌ အတူတကွ ရှိခဲ့ကြသည်။

''ကျွန်တော်တို့ရဲ့ကျောရိုးကို ဆုံးရှုံးလိုက်ရပါပြီ။ ကျွန်တော့်အတွက် သူဟာ အဖေဆိုလည်း ဟုတ်တယ်။ နည်းပြဆိုလည်း ဟုတ်တယ်။ အစ်ကိုတစ်ယောက်လိုပါပဲ။ အိုင်ကွန်ပေါ့''ဟု အလီအဗ္ဗဒီ လာဇစ်က အီးအက်စ်ပီအင်န်သို့ ပြောကြားခဲ့သည်။

အဗ္ဗဒူမာနက်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကို တွန်းလှန်ရင်း ဦးနှောက် အလုပ်မလုပ်တော့ဘဲ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရုရှားမီဒီယာများက ဆိုခဲ့သည်။

ခါဘစ်၏ အခြားမိသားစုဝင်များမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရကြောင်းလည်း တစ်ဆက်တည်း သိရသည်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် - ၁၉ ကူးစက်မှုမှာ မြင့်မားလျက်ရှိပြီး ရုရှားနိုင်ငံတွင် ဇူလိုင် ၄ ရက်အထိ ဗိုင်း ရပ်စ်ကူးစက်သူ ၆၇ဝဝဝဝ ကျော်ရှိနေပြီး စုစုပေါင်း ၁၀ဝဝဝ ကျော်သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။



ဖတ်ရှုမှုအများဆုံး