ကျောက်တန်းမြို့ တံတားတစ်စင်းပေါ်၌ လင်မယား ၂ ဦးစကားများပြီး အသက် ၁၈ နှစ်အရွယ် ဇနီးဖြစ်သူ ချောင်းထဲခုန်ချ သေဆုံးခဲ့သည်ဆိုမှုအား အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ဇူလိုင် ၇ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။
ဇူလိုင် ၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ကျောက်တန်း မြို့နယ် သောင်ကြီးကျေးရွာအနီး မှော်ဝန်းချောင်းအတွင်း အမျိုးသမီး အလောင်းပေါ် ကြောင်း သတင်းအရ ကျောက်တန်းမြို့မရဲစခန်းမှူး ဒုရဲမှူးနိုင်ဝင်းထွန်း နှင့်အဖွဲ့က သွားရောက် စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ သေဆုံးသူမှာ ညောင်ဝိုင်းကျေးရွာနေ မသန္တာမိုးအိ (၁၈)နှစ် ဖြစ်ပြီး ဇူလိုင် ၅ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်နာရီအချိန်တွင် ညောင်ဝိုင်းကျေးရွာ ရွာလယ်တံတားပေါ်၌ မသန္တာမိုးအိနှင့် ၎င်း၏ခင်ပွန်းတို့ လင်မယားချင်း စကားများပြီး မသန္တာမိုးအိမှာ တံတားပေါ်မှ ချောင်းအတွင်း ခုန်ချသွားခဲ့ကြောင်း သိရသည်။
အလောင်းတွင် ပြင်ပဒဏ်ရာ တစ်စုံ တစ်ရာ မတွေ့ရှိရကြောင်း စစ်ဆေးတွေ့ရှိရပြီး ကျောက်တန်းမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ကျောက်တန်းမြို့မ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ်- ၃/၂၀၂၀ အရ အမှုဖွင့်ကာ စခန်မှူး ဒုရဲမှူး နိုင်ဝင်းထွန်းက ဆက်လက် စစ်ဆေးလျက်ရှိသည်။
















