ဇွဲကပင်တောင်ပေါ်မှ ခုန်ချရန် ထွက်သွားသည့် လူငယ်တစ်ဦးအား ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေနေ

ဇွဲကပင်တောင်ပေါ်မှ ခုန်ချရန် ထွက်သွားသည့် လူငယ်တစ်ဦးအား ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေနေ

ဇွဲကပင်တောင်ပေါ်မှ ခုန်ချမည်ဆိုကာ နေအိမ်မှ ထွက်သွားသည့် လူငယ် တစ်ဦးအား ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း မာဃလူမှု ကူညီရေးအသင်း ဘားအံမှ တာဝန်ရှိသူ ဦးယုဝိုင်က မြန်မာတိုင်းမ်ကို ပြောသည်။

ဇူလိုင် ၁၀ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၂၃ မိနစ် အချိန်ခန့်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ပေါ်မှ အမျိုးသားတစ်ဦး ခုန်ချမည်ဆိုကာ နေအိမ်မှ ထွက်သွားကြောင်း ကနဦးသတင်းရရှိသဖြင့် ဘားအံခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့မှသိရသည်။

" မီးသတ်တပ်ဖွဲ့က တော်ပွန်နဲ့ ခလောက်နို့ဘက်က တက်သွားပြီး ကျွန်တော်တို့အဖွဲ့က ဆေးဘက်ဆိုင်ရာ အကူညီပေးဖို့ အတွက်ကို တောပွန်အနောက်ဘက်ခြမ်းကစောင့်ပြီးကူညီပေးမယ်"ဟု မာဃလူမှူကူညီရေးအသင်း ဘားအံမှတာဝန်ရှိသူ ဦးယုဝိုင် က မြန်မာတိုင်းမ် ကိုပြောသည်။

အဆိုပါလူငယ်မှာ တက္ကသိုလ်ကျောင်းသား တစ်ဦးဖြစ်ပြီး ခလောက်နို့တောင် ဘက်အခြမ်းမှတက်သွားသည်ဟုယူဆရပြီး ယခု ၃ နာရီ ၁၅ မိနစ်အချိန်တွင် မီးသတ်တပ်ဖွဲ့ဝင်များ တောင်ထိပ်သို့ ရောက်ခါနီးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါလူငယ်က မိဘများအား ခွင့်လွှတ်ပေးရန်နှင့် ချစ်သူနှင့် လမ်းခွဲရမှုအပေါ် စိတ်မကောင်းဖြစ်မိကြောင်းနှင့် ယခုကဲ့သို့လုပ်ဆောင်ခြင်းအပေါ် ချစ်သူမိန်းကလေးအား အပြစ်မတင်ရန် အစရှိသည့် စာသားများရေးထားသည့် စာရွက်ကိုနေအိမ်တွင်ထားရှိကာ အိမ်မှထွက်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

" ကောင်လေးကစာရေးပြီး ထားတာဖြစ်လို့ သူ့အိမ်က မိဘတွေ စိတ်ပူပြီး အခု ဇွဲကပင်တောင်ဘက်ကိုလိုက်သွားကြပြီ" ဟု မာဃလူမှူကူညီရေးအသင်း (ဘားအံ)ဝင်တစ်ဦးက ပြောသည်။

ရှာဖွေကယ်ဆယ်ရေး အပိုင်းများကို မီးသတ်တပ်ဖွဲ့ဝင်များ၊ အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အဆိုပါ လူငယ်အား လတ်တလော ပြန်မတွေ့သေးကြောင်း ဦးယုဝိုင်က ပြောဆိုသည်။

အဆိုပါလူငယ်၏ ဖိနပ်ကို ဇွဲကပင်တောင်ထိပ် အိမ်သာအနီး တွေ့ရှိပြီး ၎င်း၏ဆိုင်ကယ်၊ ဖုန်းနဲ့ ပစ္စည်းတွေများကို တောင်ခြေအလှူခံမဏ္ဏပ်အနီး ထားရှိခဲ့ခြင်းကြောင့် မိဘများထံ သက်ဆိုင်ရာက ပြန်လည်အပ်နှံထားသည်။

ဇွန် ၂၇ ရက်ကလည်း ဇွဲကပင်တောင်ပေါ်မှ ခုန်ချသည်ဟု ယူဆရသည့် တက္ကသိုလ်ကျောင်းသူ တစ်ဦး၏ ရုပ်အလောင်းကို ဘားအံမြို့နယ်မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့နှင့် မာဃ လူမှုကယ်ဆယ်ရေးအဖွဲ့ ၃ ဖွဲ့ပူးပေါင်းပြီး ရှာဖွေတွေ့ရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။