မန်ယူအဓိကဂိုးသမား ဒီဂီယာနှင့် လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်တို့သည် ဗီလာအား သုံးဂိုးပြတ်အနိုင်ရခဲ့သောပွဲတွင် စံချိန်တစ်ခုစီပိုင်ဆိုင်ခဲ့ကြောင်း ဂိုးလ်ကွန်ကဖော်ပြခဲ့ သည်။
အသက်(၂၉)နှစ်အရွယ် ဂိုးသမားဒီဂီယာသည် ဗီလာနှင့်ပွဲတွင် မန်ယူကစားသမား ဘဝ ၃၉၉ ပွဲမြောက်အဖြစ်ပါဝင်ခဲ့ပြီး အသင်းဂန္ထဝင်ဂိုးသမားဟောင်း ရှမိုက်ကယ်၏ ပွဲအရေအတွက်ထက် တစ်ပွဲပိုကာ ကျော်ဖြတ်ခဲ့သည်။ ဒီဂီယာသည် အဲလက်စတက်နေး ပြီးနောက် မန်ယူ၏ ဒုတိယမြောက်ပွဲအများဆုံးကစားထားသော ဂိုးသမားဖြစ်လာသည်။
ဂရင်းဝုဒ်မှာ အသင်းတိုက်စစ်မှူးဟောင်း ရွန်နီပြီးနောက် မန်ယူအတွက် ပရီးမီးယား လိဂ်သုံးပွဲဆက်ဂိုးသွင်းနိုင်သော ဆယ်ကျော်သက်ကစားသမားစံချိန်ရရှိခဲ့သည်။
ရွန်နီသည် ၂ဝဝ၅ ခုနှစ် ဖေဖော်ဝါရီက အသက်(၁၉)နှစ် ၁၂၅ ရက်ဖြင့် လိဂ်သုံးပွဲဆက်ဂိုးသွင်းနိုင် ခဲ့ပြီး ဂရင်းဝုဒ်မှာ အသက်(၁၈)နှစ် ၂၈၂ ရက်ဖြင့် ဂိုးသွင်းနိုင်ခဲ့သည်။ ဂရင်းဝုဒ်သည် ယခုနှစ်ပရီးမီးယားလိဂ်တွင်ကိုးဂိုးသွင်းထားပြီး မန်ယူအတွက် ၄၆ ပွဲ၌ ၁၆ ဂိုးသွင်းခဲ့သည်။















