ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓားထိုးခံရမှုနှင့်ဆက်စပ်၍ လူခုနစ်ဦးကို ဟောင်ကောင်ရဲတပ်ဖွဲ့ ဖမ်းဆီး

ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓားထိုးခံရမှုနှင့်ဆက်စပ်၍ လူခုနစ်ဦးကို ဟောင်ကောင်ရဲတပ်ဖွဲ့ ဖမ်းဆီး

ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေနှင့်ပတ်သက်၍ ဇူလိုင် ၁ ရက်တွင် ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဓားဖြင့် ထိုးခဲ့သည်ဟု သံသယရှိသူတစ်ဦးအား အကူအညီပေးမှုဖြင့် လူခုနစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့က ဇူလိုင် ၁၀ ရက်တွင် ပြောဆိုခဲ့သည်။

သံသယရှိသူ လေယာဉ်လက်မှတ်ဝယ်ယူပြီး လေဆိပ်သို့သွားရောက်နိုင်ရေးအတွက် အကူအညီပေးခဲ့မှုဖြင့် အသက် ၂၄ မှ ၇၁ နှစ်ကြား အမျိုးသားငါးဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။ နောက်ပိုင်းတွင် လူများစွာကိုဆက်လက်ဖမ်းဆီးဦးမည်ဖြစ်ကြောင်း ရဲမှူး ယောက်ကင်ဟွန်ကပြောဆိုခဲ့သည်။

ဥပဒေသစ်သက်ရောက်ပြီးနောက် နာရီအနည်းငယ်အကြာတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဓားဖြင့် ထိုးပြီး ဒဏ်ရာရရှိစေမှုဖြင့် အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးကို လေဆိပ်၌ ဇူလိုင် ၂ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ဇူလိုင် ၁ ရက်ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့သည် ဆန္ဒပြသူများအား မျက်ရည်ယိုဗုံး၊ မီးသတ်ပိုက်များဖြင့် လူစုခွဲခဲ့ပြီး လူ ၃၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ လုံခြုံရေးဥပဒေအရ တရုတ်ပြည်မကြီးမှ ဟောင်ကောင်ခွဲထွက်ရေးလုပ်ဆောင်မှု၊ ပုန်ကန်မှု၊ အကြမ်းဖက်မှုနှင့် နိုင်ငံခြားအင်အားစုများနှင့် ပူးပေါင်းမှုတို့နှင့်ဆက်စပ်သော ရာဇဝတ်မှုများကို အပြစ်ပေးမည်ဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ်တစ်သက်ဖြစ်သည်။

ယခုဖမ်းဆီးခံရသူ ခုနစ်ဦးသည် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရဖွယ်ရှိနေကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။ ဇူလိုုင် ၁ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့သည် ဒဏ်ရာရရှိနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ပုံကို တွစ်တာ၌ ဖော်ပြပြီး အဓိကရုဏ်းသမားများက ချွန်ထက်သော အရာဝတ္ထုများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရေးသားခဲ့သည်။