COVID-19 ကြောင့် ဗီယက်နမ်ရှိ အလုပ်သမား ၃၁ သန်း ထိခိုက်နစ်နာ

COVID-19 ကြောင့် ဗီယက်နမ်ရှိ အလုပ်သမား ၃၁ သန်း ထိခိုက်နစ်နာ

COVID-19 ဖြစ်ပွားမှုကြောင့် စီးပွားရေးထိခိုက်မှုအကျိုးဆက်အဖြစ် ဗီယက်နမ်ရှိ အလုပ်သမား ၃၁ သန်းထိခိုက်နစ်နာခဲ့ပြီး ယင်းတို့အနက် ၉၀ဝ၀ဝ၀ ခန့်သည် အလုပ်အကိုင်မဲ့ဖြစ်ခဲ့ရာ ၁၈ သန်းနီးပါသည် ယခင်လောက် ဝင်ငွေရရှိခြင်းမရှိခဲ့ကြောင်း ဗီယက်နမ်အစိုးရက ဇူလိုင် ၁၀ ရက်တွင် ပြောဆိုခဲ့သည်။

စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာရေး အစီအစဉ်များကို အချိန်မဆိုင်းဘဲ အကောင်အထည်မဖော်နိုင်ပါက ယခုနှစ်အကုန်တွင် အလုပ်အကိုင်မဲ့သူ ငါးသန်းရှိလာနိုင်ကြောင်း အထွေထွေစာရင်းအင်းရုံး(GSO) က ထုတ်ပြန်ခဲ့သည်။

ဗီယက်နမ်၌ COVID-19 ကူးစက်သူ ၃၆၉ ဦးနှင့် သေဆုံးသူမရှိခဲ့ချေ။ ဗီယက်နမ်၌ COVID-19 ထိန်းချုပ်ရေး အစီအစဉ်များအောင်မြင်မှုကြောင့် ပြည်တွင်း COVID-19 ကူးစက်သူသစ်မရှိသည်မျာ ၈၁ ရက်ရှိခဲ့ပြီဖြစ်သည်။

သို့သော် ဗီယက်နမ်၏စီးပွားရေးထိခိုက်ခဲ့ပြီး ဒုတိယသုံးလပတ်စီးပွားရေးတိုးတက်မှုသည် နှစ် ၃၀ အတွင်း အနှေးကွေးဆုံးဖြစ်ခဲ့ကာ အစိုးရ၏ ၂၀၂၀ စီးပွားရေးလျာထားချက်များ ပြည့်မီနိုင်ခြင်းမရှိခဲ့ချေ။

ဗီယက်နမ်၏ဝန်ဆောင်မှုကဏ္ဍသည်လည်း ထိခိုက်မှုအရှိဆုံးဖြစ်ခဲ့ပြီး ဝန်ထမ်း ၇၂ ရာခိုင်နှုန်းထိခိုက်နစ်နာခဲ့ကြောင်း စာရင်းအင်းရုံးက ထုတ်ပြန်ခဲ့သည်။ စက်မှုနှင့် စိုက်ပျိုးရေးကဏ္ဍရှိ အလုပ်သမားများသည်လည်း ဒုတိယနှင့် တတိယအထိခိုက်ဆုံးဖြစ်ခဲ့သည်။

အလုပ်သမားများသည် အလုပ်မှထုတ်ပယ်ခံရခြင်းနှင့် အလုပ်ချိန်လျှော့ချခံရခြင်းတို့ရှိခဲ့ကြောင်း စာရင်းအင်းရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ယခုနှစ် ဒုတိယသုံးလပတ်တွင် မြို့ပြအလုပ်အကိုင်မဲ့မှုနှုန်းသည် ၄ ဒသမ ၄၆ ရာခိုင်နှုန်းဖြင့် ၁၀ နှစ်အတွင်း အမြင့်ဆုံးရှိခဲ့သည်။