အမေရိကန်နှင့် ထိုင်းစစ်ဦးစီးချုပ်များ မဟာဗျူဟာကျ ပူးပေါင်းရေးစာချုပ် လက်မှတ်ရေးထိုး

အမေရိကန်နှင့် ထိုင်းစစ်ဦးစီးချုပ်များ မဟာဗျူဟာကျ ပူးပေါင်းရေးစာချုပ် လက်မှတ်ရေးထိုး

အမေရိကန်စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂျိမ်းစ် မက်ကွန်ဗီးသည် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၊ ထိုင်းစစ်ဦးစီးချုပ် အပီရတ် ခွန်ဆွမ်ပွန်တို့နှင့် ဇူလိုင် ၁၀ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ တွေ့ဆုံခဲ့ပြီး စစ်တပ်ချင်း ပိုမိုပူးပေါင်းဆောင်ရွက်မည့် မဟာဗျူဟာအမြင်ဆိုင်ရာစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

COVID-19 ကြောင့် နိုင်ငံတကာခရီးသွားလာမှုရပ်ဆိုင်းခဲ့ချိန်မှစ၍ ထိုင်းနိုင်ငံသို့ နိုင်ငံခြားအဆင့်မြင့်အရာရှိတစ်ဦး ပထမဆုံးလာရောက်ခြင်းလည်းဖြစ်သည်။

မက်ကွန်ဗီးသည် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ၊ ထိုင်းစစ်ဦးစီးချုပ် အပီရတ် ခွန်ဆွမ်ပွန်တို့နှင့် တွေ့ဆုံပြီး မဟာဗျူဟာအမြင်ထုတ်ပြန်မှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့သည်။

မက်ကွန်ဗီးနှင့် အပီရတ်တို့သည် စစ်တပ်များ ခေတ်မီအောင်ပြုခြင်း၊ ပူးပေါင်းစစ်ဆင်နိ်ုင်စွမ်း၊ ပူးတွဲလေ့ကျင့်ခြင်းနှင့် မူဝါဒရေးရာတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သံရုံးက ထုတ်ပြန်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် မကြာသေးမီတွင် တောင်တရုတ်ပင်လယ်ထဲသို့ လေယာဉ်တင်သင်္ဘောနှစ်စင်းကို စေလွှတ်ပြီး အရှေ့တောင်အာရှ၌ တရုတ်၏စစ်ရေးသြဇာကို တန်ပြန်ရန် ကြိုးပမ်းခဲ့သည်။

ထိုင်းနိုင်ငံသည် အမေရိကန်၏သက်တမ်းအရှည်ဆုံးမဟာမိတ်ဖြစ်သော်လည်း ၂၀၁၄ ခုနှစ်တွင် ယင်းအချိန်က စစ်ဦးစီးချုပ် ပရာယွတ်ဦးဆောင်ပြီး အရပ်သားအစိုးရကိုဖြုတ်ချကာ အာဏာသိမ်းခဲ့ပြီးနောက် ဆက်ဆံရေးထိခိုက်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ထိုင်းနှင့် ပြုလုပ်နေကျ ပူးတွဲစစ်ဆင်ရေးကို အရှိန်လျှော့ချခဲ့ပြီး ထိုင်းနိုင်ငံကလည်း တရုတ်နှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးထားရှိကာ တုံ့ပြန်ခဲ့သည်။ သို့သော် ယမန်နှစ် အထွေထွေရွေးကောက်ပွဲပြီးနောက် ပရာယွတ်က အရပ်သားခေါင်းဆောင်အဖြစ်ပါဝင်သည့် အရပ်သားအစိုးရအုပ်ချုပ်မှုပြန်ရှိလာကာ နှစ်နိုင်ငံကြားဆက်ဆံရေးတိုးတက်လာခဲ့သည်။

ထိုင်းနိုင်ငံ၌ COVID-19 ဆိုးကျိုးများကိုင်တွယ်ရာတွင် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ နှစ်သန်း အကူအညီပေးမည်ဖြစ်ကြောင်း ပရာယွတ်က ဇူလိုင် ၁၀ ရက်တွင် ပြောဆိုခဲ့သည်။