ဟောင်ကောင်၌ COVID-19 ကူးစက်သူသစ်ဦးရေ ပြန်လည်မြင့်တက်လာမှုကြောင့် စာသင်ကျောင်းအားလုံးကို ဇူလိုင် ၁၃ ရက်မှစ၍ ပြန်လည်ပိတ်ထားမည်ဖြစ်ကြောင်း ဟောင်ကောင်ပညာရေးဗြူရိုက ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အာရှရှိ စီးပွားရေးလုပ်ငန်းဗဟိုချက်ဖြစ်သည့် ဟောင်ကောင်ရှိ စာသင်ကျောင်းအများစုသည် ဖေဖော်ဝါရီကတည်းက ပိတ်သိမ်းထားခဲ့ခြင်းဖြစ်ပြီး အများစုသည် အွန်လိုင်းမှတစ်ဆင့်သာ သင်ကြားမှုများပြုလုပ်ခဲ့သည်။
နိုင်ငံတကာစာသင်ကျောင်းများသည်လည်း နွေရာသီကျောင်းပိတ်ရက်ဖြစ်သောကြောင့် ပိတ်သိမ်းထားပြီးဖြစ်သည်။ ဟောင်ကောင်၌ ဇူလိုင် ၉ ရက်တွင် COVID-19 ကူးစက်သူသစ် ၄၂ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ၃၄ ဦးသည် ပြည်တွင်းမှာပင်ကူးစက်သူများဖြစ်ကြပြီး နှစ်ရက်ဆက်တိုက် ပြည်တွင်းကူးစက်သူဦးရေ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
မကြာသေးမီတွင်ရှိခဲ့သည့် COVID-19 ကူးစက်သူသစ်များတွင် ကျောင်းသားများနှင့် ကျောင်းသားမိဘများပါဝင်ကြောင်း ပညာရေးဝန်ကြီး ကဲဗင် ယွန်းကပြောဆိုခဲ့သည်။
ဟောင်ကောင်၌ ဇန်နဝါရီမှစ၍ ဇူလိုင် ၁၀ ရက်အထိ ကူးစက်သူ ၁၃၆၆ ဦးရှိနေပြီး လူခုနစ်ဦးသေဆုံးခဲ့ပြီးဖြစ်သည်။
ဟောင်ကောင်၌ ဇူလိုင် ၁၀ ရက်တွင် ကူးစက်သူသစ် ၃၈ ဦးရှိခဲ့ပြီး ဇူလို်ုင် ၉ ရက်တွင်ရှိခဲ့သည့် ၄၂ ဦးမှ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။
ကူးစက်သူသစ်ဦးရေ ပြန်တက်လာသောကြောင့် ဟောင်ကောင်အုပ်ချုပ်သူများသည် အများပြည်သူအနေဖြင့် လူစုလူဝေးပြုခြင်းကို ရှောင်ကြဉ်ပြီး အများပြည်သူဆိုင်ရာနေရာများတွင် နှာခေါင်းစည်းတပ်ကာသွားလာရန် တိုက်တွန်းချက်များ ထုတ်ပြန်ထားရသည်။

















