အာရှ၌ ၂၀၂၀ ပြည့်နှစ်အတွင်း လေထုညစ်ညမ်းမှုကြောင့် လူ ၁၅၃၆၀ဝ သေဆုံးခဲ့ကြောင်း ဂရင်းပိစ်လေ့လာမှု ဖော်ပြ

အာရှ၌ ၂၀၂၀ ပြည့်နှစ်အတွင်း လေထုညစ်ညမ်းမှုကြောင့် လူ ၁၅၃၆၀ဝ သေဆုံးခဲ့ကြောင်း ဂရင်းပိစ်လေ့လာမှု ဖော်ပြ

အာရှဒေသ၌ ယခုနှစ်အတွင်း လေထုညစ်ညမ်းမှုကြောင့် မြို့ကြီး ၁၁ မြို့တို့၌ အချိန်မတိုင်မီသေဆုံးသူ ၁၅၃၆၀ဝ ရှိခဲ့ပြီး စီးပွားရေးအရဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၈၂ ဒသမ ၄ ဘီလျံရှိခဲ့ကြောင်း သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသည့် ဂရင်းပိစ်(Greenpeace)အဖွဲ့၏ လေ့လာမှုအရ သိရသည်။

ဂရင်းပိစ်နှင့် IQAir AirVisual အဖွဲ့တို့သည် လေထုအရည်အသွေးသတင်းအချက်အလက်၊ သိပ္ပံပညာအရ အန္တရာယ်ရှိမှုကို တွက်ချက်သည့် ပုံစံ၊ ဒေသဆိုင်ရာကျန်းမာရေးအခြေအနေနှင့် လူဦးရေဆိုင်ရာသတင်းအချက်အလက်များကို အခြေခံကာ ကမ္ဘာ့မြို့ကြီးများရှိ လေထုအရည်အသွေးကို တွက်ချက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရုပ်ကြွင်းလောင်စာများကိုအသုံးပြုမှုအကျိုးဆက် လေထုညစ်ညမ်းမှုကြောင့်ရှိလာသည့် စီးပွားရေးအရ ထိ်ခိုက်မှုများကို တွက်ချက်သည့် စွမ်းအင်နှင့် သန့်ရှင်းသောလေဆိုင်ရာ သုတေသနဗဟိုဌာန(CREA) ၏ စာရင်းအင်းများကိုလည်း အခြေခံခဲ့သည်။

COVID-19 ဖြစ်ပွားမှုကြောင့် လူများအပြင်ထွက်နည်းသွားပြီး လမ်းပေါ်တွင်သွားလာသည့် ယာဉ်စီးရေလျော့ကျသွားကာ ဒေသများစွာတို့တွင် လေထုညစ်ညမ်းမှုပမာဏလျော့ကျခဲ့သော်လည်း အာရှရှိ မြို့ကြီးအချို့၌ လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူများစွာရှိခဲ့ကာ မြို့အချို့၌ လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူဦးရေသည် COVID-19 ကြောင့် သေဆုံးသူဦးရေထက်ပိုမိုများပြားခဲ့သည်။

တိုကျို၌ ၂၀၂၀ ပြည့်နှစ် ဇွန် ၃၀ အထိ လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူ ၃၀ဝ၀ဝ ရှိခဲ့ပြီး စီးပွားရေးအရ ထိခိုက်မှုတန်ဖိုးသည် ဒေါ်လာ ၃၂ ဘီလျံရှိခဲ့သည်။

ဂျပန်၌ လေထုညစ်ညမ်းမှုကြောင့် တစ်နှစ်လျှင် သေချိန်မတိုင်ဘဲ သေဆုံးရသူ ၆၀ဝ၀ဝ ခန့်ရှိနေကြောင်း ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာရောဂါကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်မှုလေ့လာမှုစာတမ်းတွင် ဖော်ပြထားသည်။

တရုတ်ရှိ မြို့ကြီးများဖြစ်သော ပေကျင်း၊ ရှန်ဟိုင်းနှင့် ကွမ်ကျိုးတို့၌ လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူ ၅၉၀ဝ၀ ရှိခဲ့ပြီး စီးပွားရေးအရ နစ်နာဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၂၇ ဒသမ ၇ ဘီလျံရှိခဲ့သည်။

ညစ်ညမ်းသည့် လေကို အချိန်ကြာမြင့်စွာရှူရှိုက်နေရပါက အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကို ခံနိုင်ရည်ကျဆင်းသွားပြီး အဆုတ်ကင်ဆာနှင့် နှလုံးရောဂါဖြစ်ပွားနိုင်ခြေ ပိုများကြောင်း လေ့လာမှုများအရ သိရှိခဲ့ရပြီးဖြစ်သည်။