အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဇူလိုင် ၁၁ ရက်တွင် စစ်ဘက်ဆိုင်ရာဆေးရုံတစ်ရုံ၌ နှာခေါင်းစည်းတပ်ခဲ့ပြီး ယင်းသည် အများပြည်သူဆိ်ုင်နေရာ၌ နှာခေါင်းစည်းတပ်ထားသည့် ထရမ့်ကို ပထမဆုံးမြင်တွေ့ရခြင်းဖြစ်သည်။
ဝါရှင်တန် ဆင်ခြေဖုံးရှိ ဝေါ်တာရိဒ်အမျိုးသားစစ်ဆေးရုံသို့ ထရမ့်က ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့သည်။ ဆေးရုံတွင် ထရမ့်သည် ဒဏ်ရာရရှိသည့် စစ်သည်များ၊ COVID-19 လူနာများကို စောင့်ရှောက်နေသည့် ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံခဲ့သည်။
ဆေးရုံကိုရောက်တဲ့အခါ နှာခေါင်းစည်းတပ်ထားတာ ကောင်းပါတယ် ဟု ထရမ့်က အိမ်ဖြူတော်မှ ထွက်ခွာစဉ် သတင်းထောက်များအား ပြောဆိုခဲ့သည်။
ထရမ့်သည် ဝေါ်တာရိဒ်ဆေးရုံ လျှောက်လမ်းတွင် နှာခေါင်းစည်းတပ်ခဲ့ခြင်းဖြစ်သည်။ ဆေးရုံသို့ရောက်ရှိပြီး ရဟတ်ယာဉ်ပေါ်မှဆင်းချိန်တွင် ထရမ့်က နှာခေါင်းစည်းမတပ်ခဲ့ချေ။
အမေရိကန်ပြည်ထောင်စု၌ COVID-19 ကူးစက်ခံထားရသူ ၃ ဒသမ ၂ သန်းကျော်ရှိနေပြီး ၁၃၄၀၀၀ ခန့်သေဆုံးခဲ့ပြီးဖြစ်သည်။
ဒုတိယသမ္မတမိုက်ခ်ပန့်စ်အပါအဝင် နာမည်ကျော် ရီပတ်ဘလီကန်များကလည်း နှာခေါင်းစည်းတပ်ရန် တိုက်တွန်းမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။
ရီပတ်ဘလီကန်အုပ်ချုပ်ရေးမှူးများကလည်း အများပြည်သူဆိုင်ရာနေရာများ၌ နှာခေါင်းစည်းမတပ်မနေရတပ်ရန် ညွှန်ကြားထားပြီးဖြစ်သည်။
သို့သော် ထရမ့်သည် သတင်းစာရှင်းလင်းပွဲများ၊ COVID-19 တိုက်ဖျက်ရေးအထူးအဖွဲ့ထုတ်ပြန်မှုများနှင့် အခြားအများပြည်သူဆိုင်ရာအခမ်းအနားများတွင် နှာခေါင်းစည်းတပ်ခြင်းမပြုခဲ့ချေ။
နှာခေါင်းစည်းတပ်ထားသည့် သမ္မတတစ်ဦးသည် အားနည်းပျော့ညံ့သည့်ဟန်ပေါက်နေပြီး စီးပွားရေးပြန်လည်ဦးမော့လာရေးထက် ကျန်းမာရေးအကျပ်အတည်းကို ပိုမိုအာရုံစိုက်နေသည်ဟု ထင်မှတ်မည်ကို ထရမ့်က စိုးရိမ်နေကြောင်း ထရမ့်၏အနီးနေအချို့က ပြောဆိုခဲ့သည်။
ကိုယ်တိုင်နှာခေါင်းစည်းမတပ်သော်လည်း ထရမ့်သည် လူများ တစ်ဦးနှင့်တစ်ဦးနီးကပ်စွာရှိနေပါက အိမ်တွင်း၊ ရုံးတွင်းမှာလည်း နှာခေါင်းစည်းတပ်သင့်ကြောင်း အဓိပ္ပာယ်ကောက်ယူမှုလွဲနိုင်သည့် ပြောဆိုမှုများကို ပြုလုပ်ခဲ့သည်။
ထို့ပြင် နှာခေါင်းစည်းတပ်ခြင်းသည် ကိုယ့်ကိုယ်ကိုယ် လူမှန်ဖြစ်သည်ဟု ထင်အောင် တမင်လုပ်နေခြင်းဖြစ်ပြီး ဒီမိုကရက်တစ်ပါတီမှသမ္မတလောင်း ဂျိုးဘိုင်ဒင်က အားနည်းသူဖြစ်သောကြောင့် နှာခေါင်းစည်းတပ်နေခြင်းဖြစ်ကြောင်း ထရမ့်က တွစ်တာ၌ ဝေဖန်ရေးသားခဲ့သည်။

















