COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုကို အစ္စရေးအစိုးရက တုံ့ပြန်မှုအပေါ် မကျေနပ်သည့်အတွက် တယ်အဗီး၌ ဇူလိုင် ၁၁ ရက်တွင် နိုင်ငံသားထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြမှုများကို ပြုလုပ်ခဲ့သည်။
COVID-19 ကြောင့် လူစုလူဝေးမဖြစ်စေရန်အတွက် ရဲတပ်ဖွဲ့ဝင်များက တယ်အဗီးရှိ ရာဘင်ရင်ပြင်၌ ဆန္ဒပြသူဦးရေကို ကန့်သတ်ခဲ့ရာ အနီးအနားရှိ လမ်းမများပေါ်တွင် နှာခေါင်းစည်းတပ်ကာ ဆန္ဒပြသူများဖြင့် ပြည့်သွားခဲ့သည်။
ကျွန်တော့်မှာ အလုပ်သမား ၄၀ ရှိတယ်၊ ဝင်ငွေမရှိဘူး၊ ပုံမှန်အတိုင်းပြန်ဖြစ်တဲ့အထိ အစိုးရက ချေးငွေထုတ်ပေးစေချင်တယ်၊ မတ်လလယ်ကတည်းက ဇူလိုင်အထိ အလုပ်မရှိဘူး၊ သြဂုတ်မှာ ကမ္ဘာပျက်တော့မယ် ဟု အသံနှင့် အလင်းဆိုင်ရာပစ္စည်းရောင်းဝယ်ရေးကုမ္ပဏီပိုင်ရှင် မိုက်ကယ် ဂိုက်-ကာဆစ်က ပြောဆိုခဲ့သည်။
ဆန္ဒပြပွဲသို့ လူထောင်ပေါင်းများစွာတက်ရောက်ခဲ့ကြောင်း အစ္စရေးမီဒီယာများကဖော်ပြခဲ့သည်။
အစ္စရေး၌ COVID-19 ကြောင့် ကူးသန်းသွားလာမှုတစ်စိတ်တစ်ပိုင်းပိတ်ပင်ခဲ့သည့် မတ်လလယ်ကတည်းက အလုပ်အကိုင်မဲ့မှုနှုန်းသည် ၂၁ ရာခိုင်နှုန်းရှိနေပြီး အစိုးရက ကတိပြုထားသည့် အကူအညီပေးရေးအစီအစဉ်မှာလည်း သက်ရောက်မှုနည်းပါးခဲ့သည်။
စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးနောက် COVID-19 ကူးစက်သူဦးရေပြန်တက်လာသောကြောင့် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် ကူးစက်မှုလျှော့ချရေးအတွက် စီးပွားရေးလုပ်ငန်းအချို့ကို ပြန်လည်ပိတ်သိမ်းပြီး ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ပြန်လည်ချမှတ်ခဲ့သည်။
လွန်ခဲ့သော ရက်သတ္တပတ်များအတွင်း နိုင်ငံသားများစွာသည် အစိုးရ၏ COVID-19 တုံ့ပြန်ရေးအစီအစဉ်များနှင့်ပတ်သက်၍ မကျေနပ်သဖြင့် ဆန္ဒပြမှုများကိုပြုလုပ်ခဲ့ကြပြီးဖြစ်သည်။
လူတွေက အကူအညီမဲ့ဖြစ်နေပြီ အစိုးရကလည်း တုံ့ပြန်မှုမရှိဘူး၊ အစိုးရကို တာဝန်တစ်ခုခုယူစေချင်နေကြပြီ ဟု အစ္စရေးစီးပွားရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ရိုကိုဟန်ကပြောဆိုခဲ့သည်။

















