ဘရာဇီး၌ COVID-19 ကူးစက်သူ ၁ ဒသမ ၈ သန်းကျော်ရှိနေပြီဖြစ်

ဘရာဇီး၌ COVID-19 ကူးစက်သူ ၁ ဒသမ ၈ သန်းကျော်ရှိနေပြီဖြစ်

ဘရာဇီးနိုင်ငံ၌ COVID-19 ကူးစက်သူ ၁ ဒသမ ၈ သန်းကျော်နှင့် သေဆုံးသူ ၇၁၄၆၉ ဦးရှိနေပြီဖြစ်ကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဘရာဇီး၌ ဇူလိုင် ၁၁ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၀၇၁ ဦးရှိခဲ့သောကြောင့် ကူးစက်သူ ၁၈၃၉၈၅၀ ဦးရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

COVID-19 ကူးစက်ခံထားရသည့် ဘရာဇီးသမ္မတ ဂျိုင်ယာ ဘိုဆိုနာရိုသည်လည်း သမ္မတအိမ်တော်မှာပင် နေထိုင်ရင်း အစိုးရအဖွဲ့၏လုပ်ဆောင်မှုများကို စီမံခန့်ခွဲနေရသည်။

ဘိုဆိုနာရိုသည် အစိုးရအဖွဲ့၏အတွင်းဝန်ချုပ် ဟော့ဟဲ အိုလီဗီရာနှင့် အွန်လိုင်းမှတစ်ဆင့် နေ့စဉ်တွေ့ဆုံနေသည်။ ဘိုဆိုနာရိုသည် ပညာရေးဝန်ကြီးဌာနအတွက် လိုအပ်နေသည့် ဝန်ကြီးလောင်းများကိုလည်း အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံမေးမြန်းနေကြောင်း အိုလီဗီယာက ဇူလိုင် ၁၁ ရက်တွင်ပြောဆိုခဲ့သည်။

နေ့လည်ပိုင်းများတွင်လည်း ဘိုဆိုနာရိုသည် သမ္မတအိမ်တော်အရှေ့၌ သတင်းထောက်များနှင့် တွေ့ဆုံလေ့ရှိသည်။ ၎င်းနှင့် ဓာတ်ပုံသတင်းထောက်များကြား ကိုက် ၄၀၀ ခန့်ခြားထားရန် အစီအစဉ်ချမှတ်ထားသည်။

ဘိုဆိုနာရိုသည် တနင်္လာမှ သောကြာနေ့အထိ ငါးရက်ဆက်တိုက် ငှက်ဖျားဆေး ဟိုက်ဒရိုစီကလိုရိုကွင်းကို သုံးစွဲနေသည်။ ဟိုက်ဒရိုစီကလိုရိုကွင်းသည် COVID-19 နှင့်ပတ်သက်၍ သိသာထင်ရှားသော သက်ရောက်မှုမရှိစေဘဲ နှလုံးခုန်မမှန်ခြင်းအပါအဝင် ဘေးထွက်ဆိုးကျိုးများရှိနေသောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယင်းဆေးကို မသုံးစွဲရန် တိုက်တွန်းထားပြီးဖြစ်သည်။

ဘိုဆိုနာရိုသည် ဇနီးသည် မီရှဲ ဘိုဆိုနာရို အန္တရာယ်ကင်းစေရန်အတွက် အိမ်ခန်းပြောင်းအိပ်နေကြောင်း ကိုယ်ရေးအရာရှိတစ်ဦးက ပြောဆိုခဲ့သည်။

သမ္မတအိမ်တော်တွင် ဘိုဆိုနာရိုသည် ဇနီး၊ သမီးနှင့် မွေးစားသမီးတို့နှင့်အတူ နေထိုင်နေသည်။ ၎င်းနှင့် သမီးနှစ်ဦးတို့ COVID-19 ကူးစက်ခံထားရခြင်းမရှိကြောင်း မီရှဲက COVID-19 စစ်ဆေးမှုရလဒ်ကို လူမှုမီဒီယာ၌ ဇူလိုင် ၁၁ ရက်တွင် ဖော်ပြခဲ့သည်။