ဗီယက်နမ်နိုင်ငံ၌ COVID-19 ကူးစက်ခံရပြီးနောက် သေလုနီးပါးအခြေအနေအထိရောက်ခဲ့သည့် ဗြိတိန်နိုင်ငံသား လေယာဉ်မှူးသည် ဇူလိုင် ၁၁ ရက်တွင် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီး မိခင်နိုင်ငံသို့ ပြန်လာပြီဖြစ်သည်။
ဗီယက်နမ်လေကြောင်းလိုင်းမှ လေယာဉ်မှူးတစ်ဦးဖြစ်သည့် စတီဖင် ကမရွန်းသည် ဗီယက်နမ်၌ နာမည်အကျော်ကြားဆုံး COVID-19 လူနာဖြစ်လာခဲ့သည်။
ဗီယက်နမ်၌ COVID-19 ရှိမရှိ ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးခြင်းနှင့် တင်းကျပ်သော သီးခြားထားရှိစောင့်ကြည့်ရေးစနစ်တို့ကြောင့် ကူးစက်သူ ၃၇၀ ရှိခဲ့ပြီး သေဆုံးသူလုံးဝမရှိခဲ့ချေ။
အစစအရာရာအတွက်ကျေးဇူးတင်ရှိကြောင်း ဘီးတပ်ကုလားထိုင်ဖြင့် သွားလာနေရသည့် ကမရွန်းက ပြောဆိုခဲ့သည်။ အသက် ၄၃ နှစ်အရွယ် စကော့လူမျိုး ကမရွန်းသည် ဗြိတိန်မှ ဗီယက်နမ်သို့ မတ်အစောပိုင်းတွင် ရောက်ရှိခဲ့သည်။
ဗီယက်နမ်လေကြောင်းလိုင်းတွင် စတင်တာဝန်ထမ်းဆောင်ပြီး သုံးရက်အကြာတွင် COVID-19 ဖြင့် ဆေးရုံ၌ ကုသမှုခံယူခဲ့ရခြင်းဖြစ်သည်။ ကမရွန်းသည် ဟိုချီမင်းစီးတီးရှိ COVID-19 အစုလိုက်အပြုံလိုက်ကူးစက်မှုရှိခဲ့သည့် ဘားတစ်ခုသို့ သွားရောက်ခဲ့ပြီးနောက် ကူးစက်ခံခဲ့ရခြင်းဖြစ်သည်။
ကမရွန်းနေထိုင်မကောင်းဖြစ်မှုနှင့် ဗီယက်နမ်ဆရာဝန်များ၏ လူသိများအောင် လုပ်ဆောင်မှုတို့ကြောင့် ၎င်းသည် ဗီယက်နမ်၏ COVID-19 တိုက်ဖျက်ရေး အောင်မြင်မှုဇာတ်လမ်းတစ်ပုဒ်ဖြစ်လာခဲ့သည်။
လူနာအမှတ် ၉၁ ဟု သိကြသည့် ကင်မရွန်း၏အဆုတ်သည် ၁၀ ရာခိုင်နှုန်းသာ အလုပ်လုပ်ပြီး အခြေအနေစိုးရိမ်စရာရှိခဲ့သည်။ဗီယက်နမ်ရှိ COVID-19 လူနာအကုန်နီးပါး ပြန်လည်သက်သာလာသောကြောင့် နိုင်ငံခြားသားတစ်ဦး COVID-19 ဖြင့်သေဆုံးမှုကို မဖြစ်စေလိုသည့်အတွက် နိုင်ငံသားများကြား အဆုတ်အလှူရှင်များစွာရှိလာခဲ့သည်။
ဦးနှောက်သေနေသူတစ်ဦးထံမှသာ အဆုတ်ကိုလက်ခံမည်ဖြစ်ကြောင်း ဆရာဝန်များ ပြောဆိုခဲ့သည်။ ၂၄ နာရီပြုစုစောင့်ရှောက်မှုတို့ကြောင့် ကမရွန်းသက်သာလာခဲ့ပြီး ဇွန်တွင် အဆုတ်အစားထိုးကုသရန်မလိုအပ်တော့သလို အသက်ရှူအကူစက်ကိုလည်း ဖြုတ်နိုင်ခဲ့သည်။
ဗီယက်နမ်အစိုးရသည် ကမရွန်းကို ကုသပေးရန်အတွက် ဒေါ်လာ ၂၀၀၀၀၀ ကုန်ကျခဲ့သည်။ ဗီယက်နမ်ဆရာဝန်များသည် ကမရွန်းကို ဗြိတိန်သို့ ပို့ဆောင်မည့် အထူးလေယာဉ်ဖြင့် လိုက်ပါသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

















