နီပေါနိုင်ငံအနောက်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံကာ မြေပြိုမှုများကြောင့် လူ ၄၀ ဦးထက်မနည်းသေဆုံးပြီး ထောင်ပေါင်းများစွာ နေအိမ်များကို စွန့်ခွာကာ ခိုလှုံရေးစခန်းများ၌ နေထိုင်နေရကြောင်း အစိုးရအရာရှိများက ဇူလိုင် ၁၂ ရက်တွင် ပြောဆိုခဲ့သည်။
မြို့တော် ခတ္တမန္ဒူအနောက်မြောက်ဘက် ကီလိုမီတာ ၂၀၀( ၁၂၅ မိုင်) အကွာ မြတ်ဒီစီရင်စု၌ ဇူလိုင် ၁၀ ရက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံကာ မြေပြိုမှုများကြောင့် လူ ၂၀ ဦးသေဆုံးပြီး ၁၃ ဦးခန့် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဂျန် နက်သ် ဓာကယ်က ပြောဆိုခဲ့သည်။
ပျောက်ဆုံးနေသူများကို ရှာဖွေမှုများပြုလုပ်နေဆဲဖြစ်ကြောင်း ဓာကယ်ကပြောဆိုခဲ့သည်။ လူ ၅၀ ခန့်ကိုလည်း ရဟတ်ယာဉ်များသုံးပြီး ကယ်တင်ခဲ့ရကာ မြေပြိုမှုကြောင့် ဒဏ်ရာရရှိသူ ၁၁ ဦးတို့ကိုလည်း ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း ၎င်းက ပြောဆိုခဲ့သည်။
အနီးအနားရှိ ကက်စ်ကီစီရင်စု၌ လူခုနစ်ဦးသေဆုံးခဲ့ကြောင်း နိုင်ငံခြားခရီးသွားများ လာရောက်တတ်သည့် ပိုခါရာမြို့မှ အရာရှိတစ်ဦးကပြောဆိုခဲ့သည်။
ဂျဂျာကော့စီရင်စု၌ နောက်ထပ်လူခုနစ်ဦးသေဆုံးခဲ့ကြောင်း အစိုးရအရာရှိများက ပြောဆိုခဲ့သည်။ပျောက်ဆုံးနေသူရှစ်ဦးကို ရှာဖွေနေဆဲဖြစ်ကြောင်း ရဲမှူး ကီရှိုး ရှရက်စ်သာက ပြောဆိုခဲ့သည်။
နီပေါနိုင်ငံအလယ်ပိုင်း ဂူလ်မီ ၊ လွမ်ဂျန်နှင့် ဆင်ဓုပါယ်ချော့တို့၌ လူခြောက်ဦးသေဆုံးခဲ့သည်။နီပေါတောင်ပိုင်း ကုန်းမြင့်ဒေသ အိန္ဒိယနယ်စပ်နားရှိ ကိရှီမြစ်သည် အန္တရာယ်များသည့် အဆင့်အထိရေလျှံနေကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။
















