မလေးရှား၌ တစ်လအတွင်း COVID-19 ဖြင့်သေဆုံးသူ တစ်ဦးရှိ

မလေးရှား၌ တစ်လအတွင်း COVID-19 ဖြင့်သေဆုံးသူ တစ်ဦးရှိ

မလေးရှားနိုင်ငံ၌ ဇူလိုင် ၁၁ ရက်တွင် COVID-19 ဖြင့်သေဆုံးသူတစ်ဦးရှိခဲ့ပြီး ယင်းသည် ဇွန် ၁၄ ရက်မှစ၍ တစ်လတာကာလအတွင်း ပထမဆုံးအကြိမ် သေဆုံးသူရှိခဲ့ခြင်းဖြစ်ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မလေးရှား၌ COVID-19 ဖြင့်သေဆုံးသူ ၁၂၂ ဦးရှိနေပြီဖြစ်သည်။ ဇူလိုင် ၁၁ ရက်တွင် COVID-19 ကူးစက်သူသစ်ရှစ်ဦးရှိခဲ့ပြီး ၎င်းတို့အနက် လေးဦးသည် မလေးရှားနိုင်ငံသားနှစ်ဦးနှင့် နိုင်ငံခြားသားနှစ်ဦးတို့ဖြစ်ကာ ပြည်တွင်းမှာပင် ကူးစက်သူများဖြစ်ကြသည်။

မလေးရှား၌ COVID-19 အတည်ပြုလူနာ ၈၇၀၄ ဦးရှိနေပြီဖြစ်သည်။ ဇူလိုင် ၁၁ ရက်တွင်ရှိခဲ့သည့် COVID-19 ဖြင့်သေဆုံးသူသည် သွေးတိုးနှင့် ဆီးချိုသွေးချိုရောဂါအခံရှိသည့် အသက် ၇၂ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။

အဆိုပါအမျိုးသားသည် ဇူလိုင် ၃ ရက်ကတည်းက တိုင်းရင်းဆေးဖြင့် ကုသမှုခံယူရန်ကြိုးပမ်းခဲ့ပြီး ဇူလိုင် ၉ ရက်တွင်မှ ဆေးရုံတွင် ကုသမှုခံယူခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နူး ဟီရှမ် အဗ္ဗဒူလာက ပြောဆိုခဲ့သည်။

ဇူလိုင် ၁၁ ရက်တွင်ရှိခဲ့သည့် အခြားကူးစက်သူလေးဦးသည် ပြည်ပတွင် ကူးစက်ခံထားရပြီး မလေးရှားသို့ရောက်ရှိလာသည့် နိုင်ငံသားများဖြစ်ကြကြောင်း ဒေါက်တာနူးဟီရှမ်က ပြောဆိုခဲ့သည်။

ရောဂါသက်သာပျောက်ကင်းသဖြင့် ဇူလိုင် ၁၁ ရက်တွင် ဆေးရုံမှဆင်းခွင့်ရရှိသူ လေးဦးရှိခဲ့သည်။ မလေးရှား၌ ရောဂါသက်သာပျောက်ကင်းသဖြင့် ဆေးရုံမှဆင်းခွင့်ရရှိခဲ့သူ ၈၅၁၅ ဦး သို့မဟုတ် ကူးစက်သူများ၏ ၉၇ ဒသမ ၈ ရာခိုင်နှုန်းရှိနေသည်။

ယခုအချိန်အထိ လူနာသုံးဦးကို အထူးကြပ်မတ်ကုသဆောင်တွင်ကုသပေးနေပြီး နှစ်ဦးသည် အသက်ရှူစက်အကူလိုအပ်ကြောင်း ဒေါက်တာ နူးဟီရှမ်က ပြောဆိုခဲ့သည်။