သွေးတွင်းသကြားဓာတ်ပါဝင်မှုနှုန်း ပုံမှန်ထက်များသည့် လူနာများသည် COVID-19 ကူးစက်ခံရပါက သာမန် COVID-19 လူနာများထက် သေဆုံးနိုင်ခြေနှစ်ဆပိုများကြောင်း တရုတ်နိုင်ငံရှိ သုတေသနပညာရှင်များက ဇူလိုင် ၁၁ ရက်တွင် ပြောဆိုခဲ့သည်။
သွေးတွင်းသကြားဓာတ်ပါဝင်မှုနှုန်း ပုံမှန်ထက်များသော်လည်း ဆီးချိုသွေးချိုရှိသည်ဟု သတ်မှတ်မခံရသည့် COVID-19 လူနာများနှင့်ပတ်သက်၍ သိပ္ပံပညာရှင်များက ပထမဆုံးအတည်ပြနိုင်ခြင်းဖြစ်ကြောင်း Diabetologia ဂျာနယ်တွင်ဖော်ပြထားသည့် လေ့လာမှုအရ သိရသည်။
ဝူဟန်ရှိ ဆေးရုံနှစ်ရုံမှ COVID-19 လူနာ ၆၀၅ ဦး၏သေဆုံးမှုနှုန်းကိုလေ့လာခဲ့ခြင်းဖြစ်သည်။ သွေးတိုးရှိမှုနှင့် COVID-19 ဖြင့်သေဆုံးနိုင်ခြေများမှုတို့ကြား ဆက်စပ်မှုရှိနေကြောင်း ပညာရှင်များက ပြောဆိုခဲ့သည်။
ဆီးချိုသွေးချိုလူနာများကို ယခင်ကလေ့လာထားမှုအပေါ် ယခုလေ့လာမှုက အခြေခံထားသည်။ ပြင်သစ်ရှိ ဆေးရုံများ၌ ဆီးချိုသွေးချိုရှိသော COVID-19 လူနာ ၁၀ ဦးလျှင် တစ်ဦးသေဆုံးလေ့ရှိကြောင်း မေတွင် ပြုလုပ်ခဲ့သည့် လေ့လာမှုတွင် ဖော်ပြထားသည်။
သွေးတွင်း သကြားဓာတ်ပါဝင်မှုှုနှုန်းမြင့်မားမှုနှင့် COVID-19 ဖြင့်သေဆုံးမှုတို့ကြား ဆက်စပ်ပုံကို မသိရသေးချေ။ သွေးကြောပိတ်ခြင်းနှင့် ခုခံအားစနစ် လိုအပ်သည်ထက် ပိုမိုတုံ့ပြန်ခြင်းတို့သည် အကြောင်းအရင်းများဖြစ်နိုင်ကြောင်း ပညာရှင်များက ပြောဆိုခဲ့သည်။

















