ယူရိုပါလိဂ်ဝင်ခွင့်ရရန် အဆုံးတိုင် တိုက်ပွဲဝင်မည်ဖြစ်ကြောင်း လန်ဒန်ဒါဘီနိုင်ပွဲအပြီး စပါးအသင်းနည်းပြမော်ရင်ဟို ပြောကြား

ယူရိုပါလိဂ်ဝင်ခွင့်ရရန် အဆုံးတိုင် တိုက်ပွဲဝင်မည်ဖြစ်ကြောင်း လန်ဒန်ဒါဘီနိုင်ပွဲအပြီး စပါးအသင်းနည်းပြမော်ရင်ဟို ပြောကြား

စပါးနည်းပြမော်ရင်ဟိုက ၎င်းတို့အသင်း အနေဖြင့် ယူရိုပါလိဂ်ဝင်ခွင့်ရရန်အတွက် အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အာဆင်နယ်အား နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့ သော လန်ဒန်ဒါဘီပွဲအပြီး ပြောကြားခဲ့သည်။

ယခုနှစ် မြောက်လန်ဒန်ဒါဘီ ဒု-ကျော့ပွဲ တွင် နှစ်သင်းစလုံး၌ အဓိကကစားသမား များပါဝင်ခဲ့ရာ အာဆင်နယ်တိုက်စစ်ကို လာကာဇက်တီ၊ အော်ဘာမီယန်နှင့်ပီပီတို့ ဦးဆောင်ခဲ့ပြီး စပါးတိုက်စစ်၌ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်နှင့် မိုရာတို့ပါဝင်ခဲ့သည်။ အာဆင်နယ်သည် ပွဲချိန် ၁၆ မိနစ်၌ ဦးဆောင် ဂိုးရခဲ့ပြီး တိုက်စစ်မှူး လာကာဇက်တီက ပင်နယ်တီဧရိယာထိပ်မှ အပြင်းကန်သွင်း ပေးခဲ့သည်။

စပါးသည် ၁၉ မိနစ်တွင် ချေပ ဂိုးပြန်ရခဲ့ပြီး ကိုလာဆီနက်က ခံစစ်၌ တစ်ဦး တည်းရှိနေသော ဒေးဗစ်လုဇ်ထံ ဘောလုံး ပြန်ပေးရာ ဆွန်ဟောင်မင် ဘောလုံးရယူကာ ချေပခဲ့ခြင်းဖြစ်သည်။ အကြိတ်အနယ်ကစား ရင်း စပါးသည် ၈၁ မိနစ်တွင် အဖိုးတန်အနိုင် ဂိုးရခဲ့ရာ ဆွန်ဟောင်မင်၏ ထောင့်ကန်ဘော ကို နောက်ခံလူ အန်ဒါဝီရယ်က ခေါင်းတိုက် သွင်းယူပေးခဲ့သည်။

စပါးနည်းပြ မော်ရင်ဟိုက ''ယူရိုပါလိဂ် ကစားရတာ ကျွန်တော်နှစ်သက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်သိပ်ကြိုက်တဲ့ ပြိုင်ပွဲတော့ မဟုတ်ပါဘူး။ တစ်ခုရှိတာက ချန်ပီယံလိဂ် မကစားရရင် ယူရိုပါလိဂ်ကစားရတာက မဆိုးပါဘူး။ ကျွန်တော့်နည်းပြဘဝမှာ ယူရိုပါ လိဂ် နှစ်ကြိမ်ပဲ ဝင်ပြိုင်ဖြစ်တယ်။ နှစ်ကြိမ် စလုံးချန်ပီယံဖြစ်တယ်။ စပါးနဲ့ တတိယအကြိမ် ကစားခွင့်ရလာမယ်။ သုံးကြိမ်မြောက် ချန်ပီ ယံဖြစ်လည်းမဆိုးဘူး။ ကျွန်တော်တို့အနေနဲ့ ယူရိုပါလိဂ်ဝင်ခွင့်ရဖို့ အဆုံးတိုင်တိုက်ပွဲဝင် သွားမှာပါ။ လူးဝစ်ဟာမီတန်(ဖော်မြူလာဝမ်းကမ္ဘာ့ချန်ပီယံဆု ခြောက်ကြိမ်)ကို ဖော်မြူ လာတူးမှာဗိုလ်စွဲချင်သလားဆိုရင် ဒါက သူ့အတွက် အကျိုးဖြစ်မယ်လို့မထင်ပါဘူး။ စကားဆက်ရရင် ပြိုင်ပွဲတစ်ခုဖြစ်နေတော့ မကစားရတာထက်စာရင် ယူရိုပါလိဂ်ကစား ချင်ပါတယ်။ ဒီအခွင့်အရေးကို စပါးအသင်း ရမယ်လို့ ကျွန်တော်ထင်တယ်''ဟု ပြောကြား ခဲ့သည်။

စပါးသည် ဒါဘီပွဲ၌ အနိုင်ရပြီးနောက် လက်ကျန်သုံးပွဲအလို ၅၂ မှတ်ဖြင့် အဆင့် ရှစ်နေရာတွင်ရပ်တည်ကာ အဆင့်ကိုး နေရာမှ အာဆင်နယ်ကို နှစ်ဖြတ်ထားနိုင် သည်။ စပါးသည်လက်ကျန် ပရီးမီးယားလိဂ် သုံးပွဲ၌ နယူးကာဆယ်(အဝေးကွင်း)၊ လက်စတာ(အိမ်ကွင်း)၊ ပဲလေ့စ်(အဝေးကွင်း)တို့နှင့်ကစားရမည်ဖြစ်သည်။ စပါးသည် ယမန်နှစ်က အာဆင်နယ်၏အထက် အဆင့် လေးဖြင့်ရာသီသိမ်းခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရခဲ့သည်။

နည်းပြမော်ရင်ဟိုသည် စပါးအသင်း အား ၃၂ ပွဲ နည်းပြထားရာ ၁၄ ပွဲနိုင် ရှစ်ပွဲ သရေ၊ ၁ဝ ပွဲ ရှုံးနိမ့်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး