တောင်ကိုရီးယား၌ remdesivir ဆေးဖြင့် ကုသမှု COVID-19 ရောဂါသည်းလူနာ သုံးဦးလျှင် တစ်ဦး တိုးတက်မှုရှိ

တောင်ကိုရီးယား၌ remdesivir ဆေးဖြင့် ကုသမှု COVID-19 ရောဂါသည်းလူနာ သုံးဦးလျှင် တစ်ဦး တိုးတက်မှုရှိ

တောင်ကိုရီးယားရှိ COVID-19 ရောဂါသည်း လူနာများကို  Gilead Sciences မှထုတ်လုပ်သော remdesivir ဆေးဖြင့် ကုသရာတွင် ရောဂါသည်းလူနာသုံးဦးလျှင် တစ်ဦး အခြေအနေတိုးတက်မှုရှိနေကြောင်း တောင်ကိုရီးယားကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဆေးကြောင့် အခြေအနေတိုးတက်မှုရှိခြင်းဟုတ်မဟုတ်၊ လူနာ၏ ခုခံအားစနစ်ကြောင့် ဟုတ်မဟုတ်တို့ကို အတည်ပြုနိုင်ရန် နောက်ထပ်လေ့လာမှုများကို ပြုလုပ်ရဦးမည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုရှိ COVID-19 ရောဂါသည်းလူနာများကို remdesivir ဆေးဖြင့် စမ်းသပ်ကြည့်ရာ နာလန်ထချိန်ပိုမိုမြန်ဆန်ကြောင်း တွေ့ရှိခဲ့ပြီးနောက် ယင်းဆေးဝယ်လိုအားမြင့်တက်ခဲ့သည်။

တောင်ကိုရီးယားအပါအဝင် နိုင်ငံများသည် COVID-19 ကုသရာတွင် အသုံးပြုသည့် ဆေးဝါးများတွင် remdesivir ဆေးကိုလည်း ထည့်သွင်းလာခဲ့သည်။ COVID-19 အတွက် အတည်ပြုထားသော ကာကွယ်ဆေးမရှိသေးချေ။

Remdesivir ကြောင့် ရောဂါသည်း COVID-19 လူနာများ သေဆုံးနိုင်ခြေကို လျှော့ချပေးသော်လည်း အကျိုးဆက်များကို အတည်ပြုရန် ကျယ်ကျယ်ပြန့်ပြန့်စစ်းသပ်ရန်လိုအပ်နေဆဲဖြစ်ကြောင်း Gilead က ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယားရှိ ဆေးရုံများစွာတွင် တက်ရောက်ကုသမှုခံယူနေရသည့် လူ ၂၇ ဦးပါဝင်သော ပထမအုပ်စုအား remdesivir ဆေးဖြင့် ကုသမှုရလဒ်များကို ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနက ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းလူနာများအနက် ကိုးဦးတွင် အခြေအနေတိုးတက်မှုရှိခဲ့ပြီး ၁၅ ဦးတွင် ထူးခြားမှုမရှိခဲ့ကာ သုံးဦးတွင် အခြေအနေဆိုးရွားခဲ့ကြောင်း ဗဟိုဌာနဒုတိယအကြီးအကဲ ကွန်ဂျန်ဝုဒ်က ပြောဆိုခဲ့သည်။

ဖြစ်ပေါ်လာနိုင်သည့် COVID-19 ဒုတိယလှိုင်းအတွက် လူ ၅၀၀၀ ကျော်ကို ကုသရန် remdesivir ဆေးများ ဝယ်ယူလိုကြောင်း တောင်ကိုရီးယားက Gilead ကို ဇွန်တွင် အမှာစာပို့ခဲ့သည်။ တောင်ကိုရီးယား၌ COVID-19 ကူးစက်သူ ၁၃၄၇၉ ဦးနှင့် သေဆုံးသူ ၂၈၉ ဦးရှိနေသည်။