ဖိလစ်ပိုင်နိုင်ငံ၌ COVID-19 ဖြင့်သေဆုံးသူသစ် ၁၆၂ ဦးရှိခဲ့ပြီး ယင်းသည် နေ့စဉ်ထုတ်ပြန်သည့် သေဆုံးသူသစ်ဦးရေအနက် အများဆုံးရှိခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယခုထုတ်ပြန်ချက်တွင် ယခင်က ထည့်သွင်းဖော်ပြခြင်းမရှိခဲ့သည့် သေဆုံးသူများလည်းပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနအရာရှိများကပြောဆိုခဲ့သည်။ ဇူလိုင် ၁၃ ရက်တွင် COVID-19 ဖြင့် ကူးစက်သူသစ် ၂၁၂၄ ဦးရှိခဲ့သောကြောင့် ကူးစက်သူ ၅၆၂၅၉ ဦးရှိနေပြီဖြစ်သည်။ ဖိလစ်ပိုင်၌ COVID-19 ဖြင့်သေဆုံးသူ ၁၅၃၄ ဦးရှိနေပြီဖြစ်သည်။
ကူးစက်သူနှင့် သေဆုံးသူသတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီဖြစ်ရေးလုပ်ဆောင်ရာတွင် ယခင်က ထုတ်ပြန်ချက်များတွင် မပါဝင်ခဲ့သည့် ကူးစက်သူနှင့် သေဆုံးသူများကိုလည်း ထည့်သွင်းဖော်ပြခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် မာရီယာ ရိုဆာရီယို ဗာဂေရီက ပြောဆိုခဲ့သည်။
သေဆုံးသူသစ် ၁၆၂ ဦးအနက် ထက်ဝက်ကျော်သည် ဇွန်တွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး သုံးပုံတစ်ပုံသည် ဇူလိုင်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရိုဆာရီယိုကပြောဆိုခဲ့သည်။ ရပ်ကွက်မြို့နယ်များအတွင်း အစုလိုက်အပြုံလိုက်ကူးစက်မှုလျှော့ချရေးအတွက် အစိုးရသည် ကူးစက်ခံထားရသူများ နေအိမ်မှာသာနေရန် တိုက်တွန်းမှုကို ရုပ်သိမ်းရန် စီစဉ်နေပြီဖြစ်သည်။
COVID-19 အတည်ပြုလူနာများသည် ယခုအချိန်မှစ၍ သီးခြားထားရှိစောင့်ကြည့်စခန်းများတွင် နေထိုင်ရမည်ဖြစ်ကြောင်း ဝန်ကြီးအဖွဲ့အတွင်းဝန် ကာလို နိုဂရာလဲစ်ကပြောဆိုခဲ့သည်။

















