အင်ဒိုနီးရှားရှိ စစ်သင်တန်းကျောင်းတစ်ခု၌ လူ ၁၃၀၀ ခန့် COVID-19 ကူးစက်ခံထားရ

အင်ဒိုနီးရှားရှိ စစ်သင်တန်းကျောင်းတစ်ခု၌ လူ ၁၃၀၀ ခန့် COVID-19 ကူးစက်ခံထားရ

အင်ဒိုနီးရှားနိုင်ငံရှိ စစ်သင်တန်းကျောင်းတစ်ခု၌ လူ ၁၃၀၀ ခန့် COVID-19 ကူးစက်ခံထားရသဖြင့် ယင်းစစ်သင်တန်းကျောင်းတွင် လူဝင်လူထွက်ပိတ်ပင်လိုက်ပြီဖြစ်သည်။

အင်ဒိုနီးရှားရှိ လူဦးရေအထူထပ်ဆုံး ဂျာဗားခရိုင်၌ရှိ အင်ဒိုနီးရှားစစ်ဘက်ဆိုင်ရာအရာလောင်းသင်တန်းကျောင်းကို လူဝင်လူထွက်ပိတ်ပင်လိုက်ပြီဖြစ်ပြီး ယင်းသင်တန်းကျောင်းရှိ လူ ၃၀ ခန့်ကို ဆေးရုံတင်ကုသပေးနေကြောင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ် အန္ဓိကာ ပါကာဆာက ဇူလိုင် ၁၂ ရက်တွင်ပြောဆိုခဲ့သည်။

ကူးစက်သူ ၁၂၈၀ အနက် ၉၉၁ ဦးသည် အရာရှိလောင်းများဖြစ်ကြပြီး ကျန်လူများသည် ဝန်ထမ်းများနှင့် မိသားစုဝင်များဖြစ်ကြကာ အများစုသည် ရောဂါလက္ခဏာပြခြင်းမရှိေြာင်း ဗိုလ်ချုပ် ပါကာဆာကပြောဆိုခဲ့သည်။

အရာရှိလောင်းနှစ်ဦး ဖျားနာမှုကြောင့် ဆေးရုံသို့သွားရောက် ပြသသည့်အခါမှသာ သင်တန်းကျောင်းတွင်း COVID-19 ကူးစက်သူများရှိနေကြောင်း သိရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါအရာရှိလောင်းနှစ်ဦး ကူးစက်ခံထားရကြောင်း သိရှိပြီးနောက် သင်တန်းကျောင်းတွင်း COVID-19 ရှိမရှိစစ်ဆေးမှုများကိုပြုလုပ်ခဲ့သည်။ သင်တန်းကျောင်း၌ အရာရှိလောင်းနှင့် ဝန်ထမ်း ၂၀၀၀ ခန့်ရှိနေသည်။

အရာရှိလောင်းများ မည်သည့်အတွက်ကြောင့် ကူးစက်ခံရသည်ကိုမသိရသော်လည်း ဝန်ထမ်းတချို့သည် သင်တန်းကျောင်းအပြင်ဘက်တွင် နေထိုင်ကြသည်။ အနောက်ဂျာဗားခရိုင်အုပ်ချုပ်ရးမှူးက ကူးစက်မှုအစုလိုက်အပြုံလိုက်ရှိခဲ့မှုအတွက် တောင်းပန်ပြီး သင်တန်းကျောင်းတစ်ဝိုက်တွင် နေထိုင်သူများအနေဖြင့် COVID-19 ကူးစက်မှုကိုထိန်းချုပ်နိုင်သည်အထိ အသွားအလာဆင်ခြင်ကာ ကျန်းမာရေးလမ်းညွှန်ချက်များကို တိကျစွာလိုက်နာရန် တိုက်တွန်းထားသည်။

အင်ဒိုနီးရှား၌ COVID-19 ကူးစက်သူ ၇၄၀၀၀ ကျော်နှင့် သေဆုံးသူ ၃၅၀၀ ကျော်ဖြင့် အရှေ့တောင်အာရှတွင် COVID-19 ဒဏ်အပြင်းထန်ဆုံးခံနေရသည့် နိုင်ငံဖြစ်နေသည်။ COVID-19 ရှိမရှိ ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးနိုင်ခြင်းမရှိသောကြောင့် ကူးစက်သူနှင့် သေဆုံးသူစာရင်းအမှန်ကို မသိနိုင်ဘဲရှိနေရာ စစ်ဆေးမှုကို တိုးမြှင့်ပြုလုပ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းထားသည်။