ဟောင်ကောင်သား ၅၀၀၀၀၀ လုံခြုံရေးဥပဒေကို ကန့်ကွက်မဲပေးခဲ့

ဟောင်ကောင်သား ၅၀၀၀၀၀ လုံခြုံရေးဥပဒေကို ကန့်ကွက်မဲပေးခဲ့

တရုတ်အစိုးရက ဟောင်ကောင်၌ တိုက်ရိုက်သက်ရောက်စေခဲ့သည့် လုံခြုံရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ဖော်သည့်အနေဖြင့် ဟောင်ကောင်သား ၅၀၀၀၀၀ ခန့်သည် ဇူလိုင် ၁၂ ရက်တွင် ဆန္ဒမဲပေးခဲ့ကြသည်။

အလွတ်သဘောပြုလုပ်သည့် ဆန္ဒမဲပေးမှုအရ စက်တင်ဘာတွင်ပြုလုပ်မည့် ဥပဒေပြုကောင်စီသို့မဟုတ် ဟောင်ကောင်လွှတ်တော်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒီမိုကရေစီအရေးလိုလားသည့် ကိုယ်စားလှယ်လောင်းကိုလည်း ရွေးချယ်မည်ဖြစ်သည်။ လုံခြုံရေးဥပဒေကြောင့် တရုတ်မုန်းတီးရေးစိတ်ဓာတ်ပြင်းထန်နေချိန်တွင် ယင်းကို အသုံးချကာ ဆန္ဒမဲများစွာရရှိရန် အတိုက်အခံများက မျှော်လင့်ထားသည်။

ဟောင်ကောင်သားများသည် အလွယ်တကူလက်မလျှော့သေးကြောင်း မဲပေးသူများပြားမှုက သက်သေခံနေလိမ့်မည် ဟု ဆန္ဒပြမှုများတွင် ပါဝင်ဖူးသည့် အသက် ၂၄ နှစ်အရွယ် ဆွန်နီ ချွန်းကပြောဆိုခဲ့သည်။

မဲပေးမှုသည် လုံခြုံရေးဥပဒေကို ချိုးဖောက်သလိုရှိနေမည်ဖြစ်ကြောင်း ဟောင်ကောင်အစိုးရအရာရှိတစ်ဦးက သတိပေးထားသော်လည်း ဟောင်ကောင်သားများသည် စေတနာ့ဝန်ထမ်းထောင်ပေါင်းများစွာက ကြီးကြပ်သည့် မဲရုံ ၂၅၀ ကျော်တို့တွင် မဲပေးခဲ့ကြသည်။

ဇူလိုင် ၁၂ ရက်အနှောင်းပိုင်းအထိ လူ ၅၀၀၀၀၀ မဲပေးခဲ့ကြကြောင်း စီစဉ်သူများကပြောဆိုခဲ့သည်။ ဟောင်ကောင်၌ လူ ၇ ဒသမ ၅ သန်းနေထိုင်နေသည်။ တရုတ်အစိုးရက အတည်ပြုလိုက်သည့် လုံခြုံရေးဥပဒေအရ ဟောင်ကောင်ကို ပြည်မကြီးမှခွဲထွက်ရန် ကြိုးပမ်းမှု၊ ပုန်ကန်မှု၊ အကြမ်းဖက်မှု၊ နိုင်ငံခြားအင်အားစုများဖြင့် ပူးပေါင်းမှုများကို ထောင်ဒဏ်တစ်သက်အထိ ပြစ်ဒဏ်ချမှတ်မည်ဖြစ်ကြောင်း ဟောင်ကောင်၌ ပြည်မကြီးမှ လုံခြုံရေးဌာနများ ပထမဆုံးအကြိမ်လာရောက်ဖွင့်လှစ်ခွင့်ရမည်ဖြစ်သည်။

မဲပေးသူများပြားနေသော်လည်း စက်တင်ဘာရွေးကောက်ပွဲတွင် ဒီမိုကရေစီလိုလားသည့် ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိအောင် အာဏာပိုင်များက ကြိုးပမ်းနိုင်ကြောင်း ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့် အိုဝင် ချောင်ကပြောဆိုခဲ့သည်။