အမေရိကန်အစိုးရနှင့် စာချုပ်ချုပ်ဆိုထားသည့် ဆေးဝါးကုမ္ပဏီများသည် နွေရာသီကုန်ဆုံးချိန်တွင် COVID-19 ကာကွယ်ဆေးများကို စတင်ထုတ်လုပ်တော့မည်ဖြစ်ကြောင်း အမေရိကန်အစိုးရအဖွဲ့ရှိ အဆင့်မြင့်အရာရှိတစ်ဦးက ဇူလိုင် ၁၃ ရက်တွင် ပြောဆိုခဲ့သည်။
ကာကွယ်ဆေးတွေကို ဘယ်အချိန်မှာ အများအပြားထုတ်လုပ်မလဲလို့မေးလာရင် လာမယ့် ရက်သတ္တပတ်လေးပတ်ကနေ ခြောက်ပတ်အတွင်းလို့ပြောရမယ်၊ ဒါပေမဲ့ ဒီနွေရာသီအကုန်မှာလို့ တိတိကျကျပြောမယ်ဆိုရင်လည်း ရပါတယ် ဟု အစိုးရအရာရှိက ပြောဆိုခဲ့သည်။
ထုတ်လုပ်ရေးစက်ရုံများတွင် လိုအပ်သည့် ပစ္စည်းကိရိယာများတပ်ဆင်ထားရှိခြင်းနှင့် ကုန်ကြမ်းပစ္စည်းများရရှိရေးတို့အတွက် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏အစိုးရသည် Operation Warp Speed Program အစီအစဉ်မှတစ်ဆင့်COVID-19 ကာကွယ်ဆေးထုတ်လုပ်မှုကို ငွေကြေးထောက်ပံ့နေပြီး ၂၀၂၁ ခုနှစ် အကုန်ပိုင်းရောက်ရှိချိန်တွင် ကာကွယ်ဆေး သန်း ၃၀၀ ထုတ်လုပ်ပြီးဖြစ်နေရန် လျာထားသည်။
အမေရိကန်အစိုးရသည် Johnson & Johnson၊ Moderna Inc ၊ AstraZeneca Plc နှင့် Novovax Inc တို့သို့ ဒေါ်လာသန်းရာပေါင်းများစွာမှစ၍ ၁ ဘီလျံဒေါ်လာအထိ ထုတ်ပေးထားပြီးဖြစ်သည်။
ယခုလအစောပိုင်းတွင်လည်း အမေရိကန်အစိုးရသည် COVID-19 လူနာများအတွက် ကုသဆေးထုတ်လုပ်ရန် Regeneron Pharmaceuticals နှင့် ဒေါ်လာ သန်း ၄၅၀ တန်ဖိုးရှိ စာချုပ်တစ်ခုကို ချုပ်ဆိုထားပြီးဖြစ်သည်။
စမ်းသပ်ခန်းအတွင်း ကာကွယ်ဆေး စမ်းသပ်မှု၏ရလဒ်များကို လာမည့်ရက်သတ္တပတ်များအတွင်း ထုတ်ပြန်နိုင်မည်ဖြစ်ပြီး ယင်းနောက် အမြောက်အများထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ထရမ့်အစိုးရအဖွဲ့ရှိ အရာရှိတစ်ဦးက ပြောဆိုခဲ့သည်။

















