ဗြိတိန်သည် လာမည့် ဆောင်းရာသီတွင် COVID-19 ဒုတိယလှုှိင်းဝင်ရောက်ပါက အဆိုးဆုံးအခြေအနေကို ကြိုတွက်လျှင် ကိုးလကျော်အတွင်း လူ ၁၂၀၀၀၀ အထိသေဆုံးနိုင်ခြေရှိနေကြောင်း ကျန်းမာရေးကျွမ်းကျင်သူများက ဇူလိုင် ၁၄ ရက်တွင် ခန့်မှန်းပြောဆိုခဲ့သည်။
လူများသည် ဆောင်းရာသီတွင် အလုံပိတ်နေရာများတွင် တစ်ဦးနှင့်တစ်ဦး ပိုမိုနီးကပ်စွာနေထိုင်ကြသောကြောင့် ဒုတိယလှိုင်းရှိလာပါက လက်ရှိဖြစ်ပွားနေမှုထက် ပိုမိုအခြေအနေဆိုးရွားမည်ဖြစ်ကြောင်း ဗြိတိန်ဆေးသိပ္ပံအကယ်ဒမီမှ အစီရင်ခံစာရေးသားရာတွင် ပါဝင်ခဲ့သည့် ပါမောက္ခ စတီဖင် ဟိုးလ်ဂိတ်က ပြောဆိုခဲ့သည်။
ကြိုတင်ခန့်မှန်းတာမဟုတ်ပါဘူး၊ ဖြစ်နိုင်ခြေရှိတာကိုပြောတာပါ၊ ဒီနှစ်ဆောင်းမှာ COVID-19 လှိုင်းသစ်ရှိလာရင် လူအသေအပျောက်ပိုများမယ်၊ အခုချက်ချင်းအရေးယူမဆောင်ရွက်ဘူးဆိုရင် အခြေအနေဆိုးတွေဖြစ်လာနိုင်တယ် ဟု ဟိုးလ်ဂိတ်က ပြောဆိုခဲ့သည်။
ဗြိတိန်၌ COVID-19 ဖြင့်သေဆုံးသူ ၄၅၀၀၀ ခန့်ရှိနေပြီး ဥရောပတွင် အများဆုံးဖြစ်နေသည်။ ဗြိတိန်၌ COVID-19 ကူးစက်မှု ဒုတိယလှိုင်းရှိလာမည်ဆိုပါက မည်ကဲ့သို့ရှိလာမည်ကို ခန့်မှန်းရန်ခက်ခဲသော်လည်း အဆိုးဆုံးအခြေအနေကို ကြိုတွက်ကြည့်မည်ဆိုလျှင် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာမှစ၍ လူတစ်ဦးမှ အခြားလူများသို့ ဆက်လက်ကူးစက်နိုင်ခြေအချိုး(R)သည် ၁ ဒသမ ၇ ရှိနေမည်ဖြစ်ကြောင်း ဆေးသိပ္ပံအကယ်ဒမီက ပြောဆိုခဲ့သည်။
R တန်ဖိုး သို့မဟုတ် ကူးစက်ခံထားရသူတစ်ဦးမှ အခြားလူများသို့ ဆက်လက်ကူးဆက်နိုင်ခြေသည် ဗြိတိန်၌ လက်ရှိအချိန်တွင် ၀ ဒသမ ၇ မှ ၀ ဒသမ ၉ ကြားရှိနေသည်။R တန်ဖိုးသည် ၁ အထက်တွင်ရှိနေပါက အကြီးအကျယ်ဆက်လက်ကူးစက်နိုင်ခြေရှိနေသည်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာမှ ၂၀၂၁ ခုနှစ်ဇွန်အထိ ဆေးရုံများ၌သေဆုံးနိုင်ခြေရှိသူ ၁၁၉၉၀၀ ရှိနိုင်ကြောင်း အကယ်ဒမီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

















