ဝင်ငွေနည်းနှင့် အလယ်အလတ်နိုင်ငံများရှိ အားနည်းသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် COVID-19 တိုက်ဖျက်ရေးကို အာရုံစိုက်နေရသဖြင့် ယင်းနိုင်ငံများ၌ အိပ်ချ်အိုင်ဗွီ၊ တီဘီနှင့် ငှက်ဖျားဖြင့် သေဆုံးသူဦးရေ မြင့်တက်လာနိုင်ခြေရှိနေကြောင်း ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။
လာမည့်ငါးနှစ်အတွင်း အဆိုပါရောဂါသုံးမျိုးဖြင့် သေဆုံးသူဦးရေသည် ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းနှင့် ၃၆ ရာခိုင်နှုန်း အသီးသီးမြင့်တက်လာနိုင်ကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။
ငှက်ဖျားဒဏ်နှင့် အိပ်ချ်အိုင်ဗွီနှင့် တီဘီကူးစက်ရောဂါဒဏ် အပြင်းအထန်ခံနေရသည့် နိုင်ငံများတွင် ယာယီကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြတ်တောက်ရုံဖြင့် ယင်းရောဂါတိုက်ဖျက်ရေးအစီအစဉ်များအပေါ် မှီခိုနေရသည့် လူသန်းပေါင်းများစွာအတွက် ဆိုးကျိုးများစွာရှိလာနိုင်ကြောင်း လန်ဒန်တက္ကသိုလ် အင်ပဲရီယယ်ကောလိပ်မှ လေ့လာမှုတွင်ပါဝင်ခဲ့သည့် ပါမောက္ခ တီမောသီ ဟားလတ်က ပြောဆိုခဲ့သည်။
COVID-19 ၏ဆိုးကျိုးများကြောင့် လွန်ခဲ့သော ဆယ်စုနှစ် နှစ်စုအတွင်း ယင်းရောဂါများနှင့်ပတ်သက်၍ ရရှိထားသည့် တိုးတက်မှုများ အကြီးအကျယ်ထိခိုက်သွားနိုင်သော်လည်း နိုင်ငံအနေဖြင့် အဓိကကျသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကိုဆက်လက်ထားရှိပြီး ကူးစက်မှုလျှော့ချရေး ကြိုတင်ကာကွယ်ရေးလုပ်ဆောင်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ဟားလတ်က ပြောဆိုခဲ့သည်။
COVID-19 တိုက်ဖျက်ရေးကို အာရုံစိုက်နေရသဖြင့် အေ့ဒ်စ်ရောဂါသည်များသုံးစွဲနေသည့် အေအာရ်တီဆေးများထုတ်လုပ်မှုရရှိမှု ထိခိုက်သွားနိုင်ကြောင်း လန်ဆတ်ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး အမည်ရှိ ဂျာနယ်တွင် ဖော်ပြထားသည့် လေ့လာမှု၌ ဖော်ပြထားသည်။

















