COVID-19 ဖြင့်သေဆုံးသူဦးရေတွင် မြောက်အမေရိကကို လက်တင်အမေရိက ကျော်တက်

COVID-19 ဖြင့်သေဆုံးသူဦးရေတွင် မြောက်အမေရိကကို လက်တင်အမေရိက ကျော်တက်

လက်တင်အမေရိကရှိ COVID-19 ဖြင့် သေဆုံးသူဦးရေသည် မြောက်အမေရိကရှိ COVID-19 ဖြင့်သေဆုံးသူဦးရေကို ပထမဆုံးအကြိမ်ကျော်တက်သွားပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် စာရင်းအင်းအရ သိရသည်။

ဇူလိုင် ၁၃ ရက်အထိ လက်တင်အမေရိက၌ COVID-19 ဖြင့်သေဆုံးသူ ၁၄၄၆၈၀ ဦးရှိနေပြီး ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုပါဝင်သော မြောက်အမေရိက၌ COVID-19 ဖြင့်သေဆုံးသူ ၁၄၃၈၄၇ ဦးရှိနေကြောင်း ရိုက်တာက အစိုးရအသီးသီး၏ထုတ်ပြန်ချက်များအပေါ် အခြေခံကာ ဖော်ပြခဲ့သည်။

ကနဦးတွင် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါတို့သည် ကူးစက်သူဦးရေ အမြန်ဆုံးတိုးပွားခဲ့သည်။ သို့သော် လက်တင်အမေရိကနိုင်ငံများရှိ ပြည်တော်ပြန် လူချမ်းသာများမှတစ်ဆင့် ချမ်းသာသော ရပ်ကွက်များတွင် ကနဦးကူးစက်ခဲ့ကာ နောက်ပိုင်းတွင် ဆင်းရဲသားရပ်ကွက်များသို့ ဆက်လက်ကူးစက်ခဲ့သည်။

ဆင်းရဲသူများပြားခြင်း၊ တစ်နေ့လုပ်မှ တစ်နေ့စားရသည့် အလုပ်အကိုင်အခြေအနေများရှိနေခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အားနည်းခြင်းတို့ကြောင့် လက်တင်အမေရိကတွင် ကူးစက်သူဦးရေ မြင့်တက်ခဲ့သည်။

ဘရာဇီးသမ္မတ ဂျိုင်ယာ ဘိုဆိုနာရိုနှင့် မက္ကဆီကိုသမ္မတ အန်ဒရေစ် မယ်နူယယ် လိုပက်ဇ် အော်ဘရာဒေါက ဗိုင်းရပ်စ်ကူးစက်မှုအခြေအနေနှင့်ပတ်သက်၍ ကနဦးတွင် ပေါ့တန်စွာပြောဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စု၌ COVID-19 ဖြင့်သေဆုံးသူ ၁၃၅၀၅၅ ဦးနှင့် ဘရာဇီး၌ COVID-19 ဖြင့်သေဆုံးသူ ၇၂၁၀၀ ရှိနေသည်။ မက္ကဆီကိုနှင့် ပီရူးတို့သည် ကမ္ဘာတစ်ဝန်း သေဆုံးသူအများဆုံးရှိနေသည့် ထိပ်တန်း ၁၀ နိုင်ငံတွင် ပါဝင်နေပြီး ချီလီ၊ ကိုလံဘီယာနှင့် အီကွေဒေါတို့သည်လည်း COVID-19 ဖြင့်သေဆုံးသူ ၅၀၀၀ ကျော်အသီးသီးရှိနေသည်။

ဇူလိုင် ၁၃ ရက်အထိ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်သူ ၁၃ သန်းကျော်သွားပြီဖြစ်သည်။