ထိုင်းအစိုးရသည် COVID-19 ကူးစက်မှု ဒုတိယလှိုင်းရှိလာနိုင်ခြေများသဖြင့် ကုန်းမြေနယ်စပ်များ၌ ဇူလိုင် ၁၃ ရက်မှစ၍ လုံခြုံရေးပိုမိုတင်းကျပ်ရန် ညွှန်ကြားလိုက်ပြီဖြစ်သည်။
ဇွန်လမှစ၍ ထိုင်းနိုင်ငံတွင်းသို့ ကုန်းမြေနယ်စပ်များမှတစ်ဆင့်မှ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းသည့် ရွှေ့ပြောင်းလုပ်သား ၃၀၀၀ ခန့်ကို ဖမ်းဆီးခဲ့ရပြီးဖြစ်ကြောင်း ထိုင်းအစိုးရ၏ COVID-19 အခြေအနေကြီးကြပ်ရေးဗဟိုဌာန၏ပြောခွင့်ရှိသူ တာဝီးဆင် ဝီဿနုယိုသင်းက ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံသို့ လေကြောင်းခရီးစဉ်ဖြင့်ရောက်ရှိလာသည့် ခရီးသည်နှစ်ဦး COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး တစ်ဦးသည် သီးခြားထားရှိစောင့်ကြည့်မှုဆိုင်ရာစည်းမျဉ်းများ ချိုးဖောက်ခဲ့ပြီးနောက် လေကြောင်းခရီးစဉ်များနှင့်ပတ်သက်၍ စည်းမျဉ်းလျော့ရဲနေမှုကို စိုးရိမ်မိကြောင်း တာဝီးဆင်က ပြောဆိုခဲ့သည်။
အီဂျစ်စစ်ဘက်ဆိုင်ရာလေယာဉ်တစ်စင်းမှ အသက် ၄၃ နှစ်အရွယ် ဝန်ထမ်းတစ်ဦးနှင့် ဆူဒန်သံတမန်တစ်ဦး၏မိသားစုမှ အသက် ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦးတို့ COVID-19 ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပြီး ၎င်းတို့မှတစ်ဆင့် ကူးစက်မှုဒုတိယလှိုင်းရှိလာနိုင်ကြောင်း အစိုးရက ပြောဆိုခဲ့သည်။
ဒါက အားနည်းချက်ကို ပြနေတယ်၊ ထိန်းချုပ်နိုင်ပြီး အမှားပြင်နိုင်မယ်ဆိုရင် ထိခိုက်မှုရှိမှာမဟုတ်ဘူး ဟု တာဝီးဆင်က ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံ၌ COVID-19 ပြည်တွင်းကူးစက်မှုမရှိသည်မှာ ရက်သတ္တပတ်ခြောက်ပတ်ကျော်ရှိနေပြီဖြစ်သောကြောင့် နိုင်ငံတွင်း ကူးစက်သူ ၃၂၂၀ နှင့် သေဆုံးသူ ၅၈ ဦးမှ တိုးလာခြင်းမရှိချေ။
လေယာဉ်အမှုထမ်းများနှင့် နိုင်ငံခြားသံတမန်များ၏မိသားစုဝင်များကိုမူ ၁၄ ရက်သီးခြားနေထိုင်နေရမည်ဆိုသည့် စည်းမျဉ်းဖြင့် မတ်လကတည်းက နိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုထားသည်။
အီဂျစ်နိုင်ငံသားလေယာဉ်အမှုထမ်းသည် ဇူလိုင် ၈ ရက်တွင်ရောက်ရှိပြီး နိုင်ငံအရှေ့ပိုင်းရှိ ခရိုင်တစ်ခု၌ နေထိုင်ခဲ့ကာ ဇူလိုင် ၁၁ ရက်တွင် နိုင်ငံတွင်းမှထွက်ခွာခဲ့သည်။
အဆိုပါအီဂျစ်နိုင်ငံသား၏ COVID-19 စစ်ဆေးမှုရလဒ်ထွက်လာသည့် ဇူလိုင် ၁၂ ရက်တွင် အာဏာပိုင်များသည် ၎င်းသီးခြားနေထိုင်နေရသည့် ဟိုတယ်သို့သွားရောက်ခဲ့ရာ နိုင်ငံတွင်းမှ ထွက်သွားပြီဖြစ်ကြောင်း သိရသည်။

















