ဖိလစ်ပိုင်နိုင်ငံ၌ COVID-19 ကူးစက်သူသစ်ဦးရေ တိုးလာသောကြောင့် မြို့တော် မနီလာရှိ လူ ၂၅၀၀၀၀ ခန့်သည် ကူးသန်းသွားလာမှုပိတ်ပင်ခံရမည်ဖြစ်ကြောင်း အစိုးရအရာရှိတစ်ဦးက ဇူလိုင် ၁၃ ရက်တွင် ပြောဆိုခဲ့သည်။
လူဦးရေ ၁၂ သန်းရှိသော မနီလာရှိ မြို့နယ် ၁၆ ခုအနက် တစ်ခုဖြစ်သည့် နာဗိုတာစ်၌ နေထိုင်သူများသည် ရက်သတ္တပတ်နှစ်ပတ် ကူးသန်းသွားလာမှုပိတ်ပင်ခံရမည်ဖြစ်သည်။
အိမ်အပြင်ထွက်ခွင့်ပိတ်ပင်မှု မှန်သည် မှားသည်ကိုမသိသော်လည်း ပိတ်ပင်ချက်ကြောင့် ကူးစက်သူဦးရေကျဆင်းသွားမည်ဟု ယုံကြည်ထားကြောင်း နာဗိုတာစ်မြို့တော်ဝန် တိုဘီ တီယံကိုက ပြောဆိုခဲ့သည်။
မနီလာရှိ ဆင်းရဲသည့် ရပ်ကွက်များစွာရှိနေပြီး ငါးဖမ်းလုပ်ငန်းလည်းရှိနေသည့် နာဗိုတာစ်၌ COVID-19 ကူးစက်သူ ၉၃၁ ဦးနှင့် သေဆုံးသူ ၅၉ ဦးရှိနေကြောင်း ဒေသဆိုင်ရာအစိုးရ၏စာရင်းအင်းများအရသိရသည်။
သို့သော် လွန်ခဲ့သော နှစ်ပတ်အတွင်း ကူးစက်သူသစ်ဦးရေ တိုးလာခဲ့သည်။ လူများသည် နှာခေါင်းစည်းတပ်ခြင်း၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေခြင်းအပါအဝင် ကျန်းမာရေးစည်းမျဉ်းများကို လိုက်နာခြင်းမရှိဘဲ ခေါင်းမာနေသောကြောင့် အိမ်အပြင်ထွက်ခွင့်ပိတ်ပင်ရန်မှလွဲ၍ ရွေးချယ်စရာမရှိကြောင်း တီယံကိုက ပြောဆိုခဲ့သည်။
အိမ်အပြင်ထွက်ခွင့်ပိတ်ပင်ချက်သည် ဇူလိုင် ၁၅ သို့မဟုတ် ၁၆ ရက်တွင် စတင်သက်ရောက်မည်ဖြစ်ကြောင်း တီယံကိုက ပြောဆိုခဲ့သည်။
ဒေသခံများသည် အလုပ်သို့သွားခွင့်ရရှိမည်ဖြစ်သော်လည်း အိမ်အပြင်ထွက်လေ့ကျင့်ခန်းလုပ်ခွင့်ရရှိမည်မဟုတ်ချေ။ ဈေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ်ခွင့်ရရှိမည်ဖြစ်ကာ စားသောက်ဆိုင်များသည် ပါဆယ်ဝန်ဆောင်မှုဖြင့် လည်ပတ်ရမည်ဖြစ်သည်။
စည်းမျဉ်းလိုက်နာလာရေးနှင့် ချိုးဖောက်သူများကို ဖမ်ဆီးရေးတို့အတွက် ရဲတပ်ဖွဲ့ဝင်များက ကင်းလှည့်ပေးရန် မနီလာမြို့ရဲချုပ်ကို တောင်းဆိုထားပြီးဖြစ်ကြောင်း တီယံကိုက ပြောဆိုခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းရှိ ကူးသန်းသွားလာမှုပိတ်ပင်ချက်များသည် ဒေသအလိုက်ကွဲပြားသော်လည်း ကူးစက်မှုဗဟိုချက်ဖြစ်သည့် မြို့တော် မနီလာ၌မူ အတင်းကျပ်ဆုံးဖြစ်သည်။
မနီလာမြို့၌ မတ်လလယ်တွင် ကူးသန်းသွားလာမှုပိတ်ပင်ခဲ့သော်လည်း ဇွန်အစောပိုင်းမှစ၍ တဖြည်းဖြည်း ပြန်လည်ဖြေလျှော့ခဲ့သည်။

















