COVID-19 ကြောင့် စီးပွားရေးထိခိုက်နေသဖြင့် ဂျပန်နိုင်ငံရှိ ဆေးရုံသုံးပုံတစ်ပုံသည် ဝန်ထမ်းများအား နှစ်စဉ်ပေးနေသည့် အပိုဆုကြေးကို လျှော့ချနေပြီဖြစ်ကြောင်း ဂျပန်ကျန်းမာရေးဝန်ထမ်းများသမဂ္ဂက ဇူလိုင် ၁၃ ရက်တွင် ပြောဆိုခဲ့သည်။
စစ်တမ်းကောက်ယူခဲ့သည့် ကျန်းမာရေးဌာန ၃၃၈ ခုအနက် ၁၁၅ ခုသည် ယမန်နှစ်တွင်ပေးခဲ့သည့် အပိုဆုကြေးအောက်နည်းသည့် ပမာဏကိုသာ ထုတ်ပေးရန် စီစဉ်နေကြောင်း ပြောဆိုခဲ့သည်ဟု သမဂ္ဂက ထုတ်ပြန်ခဲ့သည်။
အန္တရာယ်များသော်လည်း လစာဝင်ငွေနည်းပါးမှုကြောင့် ကျန်းမာရေးဝန်ထမ်းအချို့သည် စောစီးစွာ အငြိမ်းစားယူနိုင်ခြေရှိနေကြောင်း သမဂ္ဂ၏အမှုဆောင်ကော်မတီဝင် ကဲနီချီ အီဂါရာရှီက ပြောဆိုခဲ့သည်။
COVID-19 ကြောင့် ဧပြီနှင့် မေတို့တွင် ဂျပန်ရှိ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲလုနီးဖြစ်ခဲ့သည်။ COVID-19 လူနာများကို လက်ခံသည့် ဆေးရုံများသည် ငွေကြေးအရ ကြီးကြီးမားမားထိခိုက်နစ်နာခဲ့ကြောင်း တိုကျိုရှိ အင်တာနေရှင်နယ်ဆေးရုံမှ ကူးစက်မှုထိန်းချုပ်ရေးမန်နေဂျာ ဖူမီအဲ ဆာကာမိုတိုက ပြောဆိုခဲ့သည်။
တိုကျို၌ COVID-19 ကူးစက်သူဦးရေတိုးလာသောကြောင့် မျှော်လင့်ချက်အားနည်းနေပြီဖြစ်ကြောင်း ဆာကာမိုတိုက ပြောဆိုခဲ့သည်။
ဂျပန်ရှိ ဆေးရုံသုံးပုံနှစ်ပုံသည် ယခုအချိန်တွင် အသုံးစရိတ်လိုငွေပြနေကြောင်း ဂျပန်ဆေးရုံအသင်းက လွန်ခဲ့သောလတွင်ပြောဆိုခဲ့သည်။
တိုကျိုရှိ COVID-19 လူနာများကိုလက်ခံသည့် ဆေးရုံများအနက် ၉၀ ရာခိုင်နှုန်း ငွေကြေးအခက်အခဲကြုံနေရခြင်းဖြစ်ကြောင်း အသင်းကပြောဆိုခဲ့သည်။
လစာငွေအပြင် အပိုဆုကြေးအပေါ်ပါ မှီခိုနေရသည့် ဂျပန်ကျန်းမာရေးဝန်ထမ်းများအတွက်တော့ ယခုကဲ့သို့ ဖြတ်တောက်ခံရခြင်းသည် လစာဖြတ်တောက်ခံရခြင်းအတူတူပင် ဖြစ်သောကြောင့် အလုပ်သမားများနှင့် ဆေးရုံတို့ကြား ဆက်ဆံရေးဆိုးရွားရန်သာ ရှိနေသည်။
တိုကျိုရှိ အမျိုးသမီးဆေးရုံက အပိုဆုကြေးလျှော့ချရန် ဆုံးဖြတ်ချက်ကြောင့် သူနာပြု ၄၀၀ ခန့် အငြိမ်းစားယူခဲ့ကြောင်း ဒေသဆိုင်ရာမီဒီယာများက လွန်ခဲ့သောအပတ်တွင် ဖော်ပြခဲ့သည်။
ဖူနာဘာရှီဖူတာဝါဆေးရုံရှိ ဝန်ထမ်းများသည်လည်း အပိုဆုကြေးဖြတ်တောက်မှုကို မကျေနပ်သည့်အတွက် ဇူလိုင် ၁၀ ရက်တွင် ဆန္ဒပြခဲ့ကြသည်။

















