အမေရိကန်လွှတ်တော်အမတ်အချို့အပေါ် ပိတ်ဆို့မှုများ တရုတ် ချမှတ်

အမေရိကန်လွှတ်တော်အမတ်အချို့အပေါ် ပိတ်ဆို့မှုများ တရုတ် ချမှတ်

တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းဒေသရှိ ဝီဂါတိုင်းရင်းသားများအရေးနှင့်ပတ်သက်၍ အမေရိကန်က တရုတ်အစိုးရအရာရှိအချို့အပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် တရုတ်အစိုးရကလည်း ဇူလိုင် ၁၃ ရက်တွင် အမေရိကန်အထက်လွှတ်တော်အမတ်နှင့် သံအမတ်ကြီးတစ်ဦးတို့အပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်ပြီဖြစ်သည်။

တရုတ်နိုင်ငံအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုလေ့ရှိသည့် အမေရိကန်အထက်လွှတ်တော်အမတ်များဖြစ်သည့် မာကို ရူဘီယို၊ တက်ဒ် ခရုဇ်၊ ခရစ်စမစ်နှင့် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆမ် ဘရောင်းဘတ်ခ်တို့အပေါ်  ပိတ်ဆို့မှုများ ချမှတ်လိုက်ခြင်းဖြစ်သည်။

အမေရိကန်အစိုးရက ရှင်ကျန်းရှိ ကွန်မြူနစ်ပါတီအကြီးအကဲ ချန်ကွန်ကိုအပါအဝင် အစိုးရအရာရှိတချို့အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုဖြင့် ဗီဇာပိတ်ပင်ခြင်းနှင့် ပိုင်ဆိုင်မှုပိတ်သိမ်းခြင်းတို့အပါအဝင် ပိတ်ဆို့မှုများကို ချမှတ်ပြီး ရက်အနည်းငယ်အကြာတွင် တရုတ်ကလည်း ပိတ်ဆို့မှုများ တန်ပြန်ချမှတ်လိုက်ခြင်းဖြစ်သည်။

အမေရိကန်၏မှားယွင်းသော လုပ်ရပ်ကို တုံ့ပြန်လိုက်ခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် မှားယွင်းသော ဆုံးဖြတ်ချက်ကို ချက်ချင်းပြန်လည်ရုပ်သိမ်းပြီး တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်မှုနှင့် တရုတ်အကျိုးစီးပွားရေးထိခိုက်စေသည့် အပြုအမူများ၊ စကားများကို ရပ်တန်းကရပ်ရန်လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပြောခွင့်ရှိသူ ဟွာချွန်ယင်းက ပြောဆိုခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံရှိ လူ့အခွ့င့်အရေးအခြေအနေများကို စောင့်ကြည့်နေသည့် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်ကွန်ဂရက်-အမှုဆောင်ကော်မရှင်အပေါ်လည်း ပိတ်ဆို့မှုများ ချမှတ်မည်ဖြစ်သည်။

တရုတ်အာဏာပိုင်များသည် ရှင်ကျန်းဒေသရှိ ဝီဂါများနှင့် အခြားတူရကီနွယ်ဖွား မွတ်စလင်တစ်သန်းကျော်ကို ဖမ်းဆီးကာ ပြန်လည်ပညာပေးစခန်းများတွင် ထားရှိနေကြောင်း မျက်မြင်သက်သေများနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုခဲ့သည်။